The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မတိုင်ခင် အဓိကကစားသမားအချို့ရဲ့နောက်ဆုံးအခြေအနေကို ရှင်းပြခဲ့တဲ့ ပက်ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာက ဂျွန်စတုန်းစ်နဲ့ ဒီယက်စ်တို့ ဒဏ်ရာပြဿနာအခြေအနေတွေကို ကျော်လွန်လာပြီလို့ မျှော်လင့်နေပေမယ့် ကစားသမားသစ်နီကိုဂွန်ဇာလက်ဇ်ရဲ့ဒဏ်ရာနောက်ဆုံးအခြေအနေကို သိရဖို့အတွက် စောင့်ဆိုင်းနေပါတယ်။ မန်စီးတီးနောက်ခံလူတွေဖြစ်တဲ့ ဂျွန်စတုန်းစ်နဲ့ ဒီယက်စ်တို့က လေတန်အိုးရီယန့်ကို အနိုင်ရရှိတဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပွဲချိန်တစ်ပိုင်းစီ ပါဝင်ကစားခဲ့ပါတယ်။

အခုဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေက ဒီကစားသမားနှစ်ဦးလုံးအတွက် အနှောင့်အယှက်ဖြစ်စေခဲ့ပြီး မန်စီးတီးနည်းပြပက်ဂွါဒီယိုလာကလည်း အရှေ့လန်ဒန်နိုင်ပွဲအတွက် ကစားသမားသစ်တွေဖြစ်တဲ့ ခူဆာနော့ဗ်နဲ့ ဗီတာရီးစ်တို့ကို ပွဲချိန်တစ်ပိုင်းစီ အသုံးပြုခဲ့ပါတယ်။ လာမယ့်အင်္ဂါနေ့၊ ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်အဆင့်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ပွဲကြီးပွဲကောင်းမှာ ဘရာဇီးသားဗီတာရီးစ်ပါဝင်ကစားဖို့ မဖြစ်နိုင်ပေမယ့် အသင်းအတွက် လွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ ဂျွန်စတုန်းစ်နဲ့ ရူဘင်ဒီယက်စ်တို့ ပြန်လာနိုင်မှုကို ပက်ဂွါဒီယိုလာ ကျေနပ်နေခဲ့ပါတယ်။

ပက်ဂွါဒီယိုလာက “လွန်ခဲ့တဲ့နှစ်နှစ်၊ ဖလားသုံးလုံးအောင်မြင်မှုဆွတ်ခူးချိန်မှာ ဂျွန်စတုန်းစ်က မတူညီတဲ့နည်းလမ်းတွေနဲ့ ကျွန်တော်တို့ကို ကူညီပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့သုံးလလောက်အတွင်း သူ ပွဲချိန်မိနစ် ၉၀ ပြည့်မကစားနိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ပွဲစဉ်နှစ်ခုမှာတော့ ဂျွန်စတုန်းစ်က နာကျင်မှုဝေဒနာမခံစားရဘဲ ပြန်ကစားပေးနေပါပြီ။ ဂျွန်စတုန်းစ်ရှိနေမှုက အရေးကြီးလို့ တကယ်ကောင်းလွန်းပါတယ်။ ရူဘင်ဒီယက်စ်လည်း ပြန်လာပါပြီ။ သူလည်း ၄၅ မိနစ်လောက် ကစားခဲ့ပါတယ်။ လာမယ့်ပွဲစဉ်တွေအတွက် ကစားသမားဘယ်လောက်များများ ပြန်သက်သာလာမလဲဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။

ဒါပေမယ့် နီကိုဂွန်ဇာလက်ဇ်ကတော့ မန်စီးတီးကစားသမားဘဝပွဲဦးထွက်မှာ ပွဲချိန် ၂၂ မိနစ်သာကစားနိုင်ပြီး ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ နီကိုဂွန်ဇာလက်ဇ်ပါဝင်ကစားပေးနိုင်မလားဆိုတဲ့ မေးခွန်းကို ပက်ဂွါဒီယိုလာက “ ကျွန်တော်လည်း အဲ့ဒီအတိုင်းပဲ မျှော်လင့်ထားပါတယ်။ ဒဏ်ရာကတော့ ပြင်းထန်ခဲ့ပါတယ်။ ရက်အနည်းငယ်လောက် အချိန်ရနေသေးလို့ စောင့်ကြည့်သွားရပါလိမ့်မယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။