The network connection is lost.

Banner Image

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီက သူ့ဘဝအတွက် အခက်ခဲဆုံးနှစ်တစ်နှစ်ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာတဲ့ ဂရီးလစ်ရှ်

မန်ချက်စတာစီးတီးတောင်ပံကစားသမား ဂျက်ခ်ဂရီးလစ်ရှ်က သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အခက်ခဲဆုံးနှစ်မှာ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ခုနှစ် ဘောလုံးရာသီဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်ခေါင်းဆောင်ဟောင်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ၄ ကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ပေမယ့် ရာသီတစ်ခုလုံးမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲသာပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ 

ကလပ်အသင်းမှာ အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ ဂရီးလစ်ရှ်ဟာ ၂၀၂၄ ခုနှစ် ယူရိုဖလားပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရပါတယ်။ ဒီရာသီမှာတော့ ကစားသမားဟာ မန်စီးတီးအတွက် အရေးပါတဲ့ကစားသမားနေရာကို ပြန်လည်ရယူနိုင်ခဲ့ပြီး စနေနေ့က လေတန်အိုရီးယန့်ကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ ပွဲချိန်ပြည့်ကစားခွင့်ရခဲ့ပါတယ်။ 

အဆိုပါပွဲအပြီးမှာ ဂရီးလစ်ရှ်က "ပြီးခဲ့တဲ့နှစ်က ကျွန်တော့်အတွက်တော့ ကြောင်တောင်တောင်နိုင်တဲ့နှစ်တစ်နှစ်ပါ။ ကောင်းတာဆိုလို့ ကျွန်တော်သမီးလေးတစ်ယောက်မွေးဖွားနိုင်ခဲ့တာပဲရှိပါတယ်။ ကျန်တာကတော့ ကွင်းတွင်းရော ကွင်းပြင်ပမှာပါ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော့်ဘဝအတွက် အခက်ခဲဆုံးနှစ်တစ်နှစ်လို့တောင် ပြောလို့ရပါတယ်"

"ဒါပေမယ့် အခုနှစ်သစ်မှာတော့ ပိုပြီးတော့ အခြေအနေကောင်းလာပါပြီ။ ပွဲထွက်ခွင့်တွေလည်း ပုံမှန်ပြန်ရဖို့ မျှော်လင့်ပါတယ်။ အသင်းအတွက် သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေ ပိုမိုပြုလုပ်သွားနိုင်ဖို့ ကြိုးစားသွားပါမယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကျွန်တော် ပုံစံတစ်ခုတည်းမှာပဲ တောက်လျှောက်ကစားနေခဲ့တာပါ။ အခုတော့ အသင်းရဲ့ ကစားကွက်ကိုလိုက်ပြီး အံဝင်ခွင်ကျဖြစ်အောင် ကစားတတ်နေပါပြီ" လို့ပြောကြားခဲ့ပါတယ်။ 

ဂရီးလစ်ရှ်အနေနဲ့ ဒီရာသီမှာ မန်စီးတီးအတွက် ပွဲထွက်ခွင့်ပိုရလာတယ်ဆိုပေမယ့် ဖလားပွဲစဉ်တွေသာ ကစားရပြီး ပရီးမီးယားလိဂ်မှာပွဲထွက်ခွင့်ရဖို့တော့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မန်စီးတီးကလည်း ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေဖန်တီးဖို့ရုန်းကန်နေရတာကြောင့် ဆုဖလားကို ၅ ကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်ဖို့ မသေချာတော့တဲ့အခြေအနေမှာရှိနေပါတယ်။ လာမယ့်ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်မှာတော့ မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၂ ကျော့ကစားသွားရမှာဖြစ်ပြီး ဂရီးလစ်ရှ်အနေနဲ့အဆိုပါပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ရမလား စောင့်ကြည့်ရဖို့ရှိနေပါတယ်။

ဆက်လက်ပြီး အင်္ဂလန်သားက "ဒါက ဘောလုံးလောကရဲ့ အလှတရားတစ်ခုပါပဲ။ ကျွန်တော်တို့ စနေနေ့မှာ လေတန်အိုရီးယန့်နဲ့ကစားရပြီး ဗုဒ္ဓဟူးနေ့မှာတော့ ရီးရဲလ်မက်ဒရစ်လိုအသင်းနဲ့ ကစားရပါတယ်။ အိုရီးယန့်ကိုလည်း အများကြီးချီးကျူးပါတယ်။ သူတို့ကစားတာ အရမ်းကောင်းခဲ့လို့ပါ။ သူတို့ရဲ့ပရိသတ်တွေကလည်း မယုံနိုင်စရာကောင်းပြီး ဂိုးသမားကောင်းတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ ဒီအသင်းရဲ့အားကစားကွင်းကို ကျွန်တော်ကြိုက်ပါတယ်။ အဲဒါက ကျွန်တော့်အတွက် ကလေးဘဝကအမှတ်တရတွေကို ပြန်သတိရစေပါတယ်" လို့ပြောကြားခဲ့ပါတယ်။