
စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ ရီးရဲလ်စတား
သတင်းတွေအရ ရီးရဲလ်အသင်းစတား ဂွန်ကာလိုဂါစီယာတစ်ယောက် အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေပြီး လာမယ့်ရာသီသစ်မှာ စီနီယာကစားသမားအဖြစ် မြင်တွေ့ရဖွယ်ရှိနေပါတယ်။ ဂွန်ကာလိုကိုယ်တိုင်ကလည်း လာမယ့်ရာသီ ရီးရဲလ်မှာဆက်နေဖွယ်ရှိနေပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖွယ်ရှိနေပါတယ်။ အေအက်စ်သတင်းဌာနရဲ့အဆိုအရ ဂါစီယာတစ်ယောက် ဥရောပအသင်းတော်တော်များများဆီက ကမ်းလှမ်းမှုကို ပယ်ချထားပြီး အလွန်ဆိုလက်အောက်မှာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဂွန်ကာလို နဲ့ ရီးရဲလ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ မှာကုန်ဆုံးမှာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၄၃ သန်းရှိနေတာဖြစ်ပါတယ်။ အဆိုပါအခြေအနေကြောင့် ပရီးမီးယားလိဂ်အသင်း ၃ သင်း နဲ့ စီးရီးအေ ၁ သင်းတို့က စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်ကလည်း ရီးရဲလ်မှာသာ ဆက်နေချင်နေတာဖြစ်ပါတယ်။ ယခင်သတင်းတွေအရ ရီးရဲလ်အသင်းဟာ ဂွန်ကာလိုအနာဂတ်ကို အလျင်စလိုဆုံးဖြတ်မှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပေမယ့် အခုချိန်မှာတော့ စာချုပ်သစ်အတွက် လုပ်ဆောင်လာခဲ့ပြီဖြစ်ကာ စာချုပ်ဖျက်သိမ်းကြေးအသစ်ကိုလည်း ထည့်သွင်းမှာဖြစ်ပါတယ်။
ဂါစီယာဟာ ကလပ်ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုကို ရရှိခဲ့တာဖြစ်ပြီး ၄ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကို အလွန်ဆိုက ယခင်ဂန္ထဝင်ဟောင်း ရာအူးလ်နဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။ ဂွန်ကာလိုတစ်ယောက် ဘရာဇီးသား အန်းဒရစ်ခ်ဒဏ်ရာရမှုနဲ့အတူ အခွင့်အရေးရလာခဲ့တာဖြစ်ပြီး ကစားသမားအနေနဲ့ လာမယ့်ရာသီသစ်မှာလည်း အခွင့်အရေးရလာဖွယ်ရှိနေပါတယ်။
အသင်းမှာ စီနီယာတွေရှိနေတာကြောင့် နေရာရဖို့ အာမခံချက်မရှိပေမယ့် အလွန်ဆိုအနေနဲ့ အသက် ၂၁ နှစ်သားကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၆ ပွဲစလုံးအသုံးပြုထားခဲ့တာဖြစ်ပါတယ်။ လာမယ့်သြဂုတ်လ ပထမအပတ်မှာ ရီးရဲလ်က ရာသီကြိုအတွက်လေ့ကျင့်ခန်းဆင်းမှာဖြစ်ပြီး ဂွန်ကာလိုတစ်ယောက် စီနီယာအသင်းလူစာရင်းမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။