
မန်ချက်စတာကို ယူနိုက်တက်စတား ပြန်လာမှာမဟုတ်ဘူးလို့ ရိုင်ယန်ဂစ် ယုံကြည်နေ
ယူနိုက်တက်ဂန္ထဝင်ဟောင်း ရိုင်ယန်ဂစ်က တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တစ်ယောက် ဗီလာမှာ ပျော်နေပြီး မန်ချက်စတာကို ပြန်လာမှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ ဂစ်ဟာ ၂၀၁၆ တုန်းက ဗန်ဟားလ်လက်အောက်မှာ တာဝန်ယူရင်း ရက်ရှ်ဖို့ဒ်ရဲ့စီနီယာကစားသမားဘ၀ ပွဲဦးထွက်ကို ကူညီပေးခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်စတားဟောင်းက အသက် ၂၇ နှစ်သားရဲ့အခြေအနေဟာ ဗီလာအသင်းထံပြောင်းရွှေ့ခဲ့ပြီးနောက် ပြောင်းလဲခဲ့ပြီလို့ ထောက်ပြခဲ့ပါတယ်။
“ရက်ရှ်ဖို့ဒ်က ယူနိုက်တက်မှာ မပျော်ပါဘူး။ သူအခု ဗီလာမှာပျော်နေပါတယ်။ ကျွန်တော် ပွဲဦးထွက်တုန်းက ကူညီပေးလိုက်တဲ့ကောင်လေးကို အခုလိုမျိုးမြင်ရတာ ရှက်စရာပါ။ ကျွန်တော့်ဘေးကနေ ဖြတ်လျှောက်သွားတာကို သတိရမိပါတယ်။ အဲ့တာက ပွဲသေးတွေမှာဖြစ်ပြီး ကျွန်တော်သူ့ကို သိတောင်မသိခဲ့ပါဘူး။ လူငယ်ပွဲတစ်ပွဲမှာ ရက်ရှ်ဖို့ဒ်ကိုမြင်ခဲ့ရပါတယ်။ အဲ့နောက် သူ့အကြောင်း နည်းနည်းသိလာခဲ့ပါတယ်။ ဒါပေမယ့် ရုတ်တရက်ဆိုသလို သူက ဂိုးတွေသွင်းပြခဲ့ပါတယ်။
အဲ့နောက် ဗန်ဟားလ်က ကောင်လေး ကျွန်တော်တို့နဲ့လေ့ကျင့်ခန်းလာဆင်းမယ်လို့ ပြောခဲ့ပါတယ်။ အဲ့ကတည်းက သူအများကြီးအကျိုးပြုခဲ့ပါတယ်။ သူက လူငယ်ကစားသမားတွေနဲ့ဆင်တူပြီး လွတ်လပ်စွာကစားချင်ပါတယ်။ ယူနိုက်တက်အတွက်တော့ သူနဲ့လမ်းခွဲတာက အကောင်းဆုံးလို့ ထင်ပါတယ်။ အခုဆို သူက ဗီလာမှာ တော်တော်ပျော်နေပါပြီ”လို့ ဂစ်က ပြောကြားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ် နဲ့ ယူနိုက်တက်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၈ အထိ ကျန်ရှိနေသေးတာဖြစ်ပြီး နွေရာသီမှာ အသင်းဘက်က ခက်ခဲတဲ့ဆုံးဖြတ်ချက်ချရဖွယ်ရှိနေပါတယ်။ တန်ကြေးက မြင့်တက်လာတဲ့အနေအထားမှာ အပြီးသတ်ရောင်းချတာ ဒါမှမဟုတ် အငှားသက်တမ်းထပ်တိုးတာမျိုးလုပ်ဆောင်ရဖွယ်ရှိနေပါတယ်။ ဘယ်လိုဆုံးဖြတ်ချက်မျိုးမဆို ၂ ဦးသဘောတူညီဖို့ လိုအပ်နေပြီး ရက်ရှ်ဖို့ဒ်အနေနဲ့တော့ ဇွန်လအလယ်လောက်မတိုင်ခင်အထိ ဆွေးနွေးဖွယ်မရှိတာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဘက်က သူ့အနေနဲ့ ဗီလာနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ပဲ အာရုံစိုက်ထားပြီး မန်စီးတီးကို အခုအပတ်တုန်းက အရေးနိမ့်ခဲ့တာကြောင့် အဆင့် ၅ နေရာက နယူးကာဆယ်နဲ့ ၂ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။