The network connection is lost.

Banner Image

ယူနိုက်တက်သို့ ပြောင်းရွှေ့ဖို့နှင့်ပတ်သက်ပြီး ဆုံးဖြတ်လိုက်တဲ့ ဒွန်နာရမ်မာ

အီတလီလက်ရွေးစင် ဂိုးသမားကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မပိတ်ခင် အသင်းက သူ့ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် “စိတ်ပျက်မိပြီး စိတ်အားငယ်မိတယ်” လို့ ပြောပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒွန်နာရမ်မာအတွက် အစားထိုးကစားသမားအဖြစ် လိုင်လီကနေ လူးကပ်စ် ချေဗာလီယာကို ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ နဲ့အတူ အပိုဆုကြေး ယူရို ၁၅ သန်းနဲ့ ခေါ်ယူထားတာပဲ ဖြစ်ပါတယ်။

ဒွန်နာရမ်မာဟာ အသင်းသစ် ရှာဖွေနေတဲ့အတွက် ဗုဒ္ဓဟူးနေ့ညက တော့တင်ဟမ်နဲ့ ကစားခဲ့တဲ့ စူပါဖလား ဗိုလ်လုပွဲအတွက် ပီအက်စ်ဂျီအသင်းရဲ့ လူစာရင်းမှာ ပါဝင်ခြင်းမရှိခဲ့ပါဘူး။ ယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ ဒွန်နာရမ်မာရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ အန်ဇို ရိုင်အိုလာနဲ့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့နိုင်ရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ပြင်သစ်သတင်းစာ L’Equipe ရဲ့ ဖော်ပြချက်အရတော့ ဒွန်နာရမ်မာဟာ ဂွါဒီယိုလာနဲ့ စကားပြောခဲ့ပြီး စာချုပ်ဆိုင်ရာ သဘောတူညီမှုလည်း ရရှိထားတယ်လို့ သိရပါတယ်။ မန်စီးတီးက ဂိုးသမား အီဒါဆင် တူရကီကလပ် ဂါလာတာစာရေးသို့ ပြောင်းရွှေ့ဖို့ အပြီးသတ်ဖို့ကို စောင့်နေခဲ့ပြီးမှသာ ပီအက်စ်ဂျီကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

လာမယ့်နှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒွန်နာရမ်မာဟာ ယူနိုက်တက်သို့ ပြောင်းရွှေ့ဖို့လည်း စိတ်ဝင်စားခဲ့ပေမဲ့ နည်းပြ ရူဘင် အမ်မိုရင်ရဲ့ ယူနိုက်တက်အသင်းက အိုနာနာကိုတော့ လက်လွှတ်ဖို့ မတတ်နိုင်ခဲ့ပါဘူး။ တော့တင်ဟမ်နဲ့ စူပါဖလား ဗိုလ်လုပွဲမတိုင်ခင်မှာတော့ နည်းပြ လူးဝစ်အင်းနရစ်က ဒွန်နာရမ်မာ အသင်းကနေ ထွက်ခွာရမယ့်ကိစ္စအတွက် သူ့မှာတာဝန်ရှိပါတယ်လို့ ပြောခဲ့ပါတဘ်။

“ဒွန်နာရမ်မာကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂိုးသမားတစ်ဦးဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရဆိုရင် ပိုပြီးတောင် ကောင်းမွန်ပါသေးတယ်” “ဒါပေမဲ့ ဒါက အဆင့်မြင့် ဘောလုံးသမားတွေရဲ့ဘဝပါပဲ။ ဒီလို ခက်ခဲတဲ့ဆုံးဖြတ်ချက်အတွက် ကျွန်တော်ကပဲ ၁၀၀ ရာခိုင်နှုန်း တာဝန်ရှိပါတယ်” “ဒါသာ လွယ်ကူမယ်ဆိုရင် ဘယ်သူမဆို လုပ်နိုင်မှာပါပဲ။ ဒီဆုံးဖြတ်ချက်တွေက ကျွန်တော့်အသင်း လိုအပ်တဲ့ ဂိုးသမား ပုံစံနဲ့ သက်ဆိုင်ပါတယ်” လို့ လူးဝစ်အင်းနရစ်က ပြောခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒွန်နာရမ်မာရဲ့ ကိုယ်စားလှယ်ကတော့ ဂိုးသမားရဲ့ စာချုပ်သစ်ဆွေးနွေးမှုအတွင်းမှာ ပီအက်စ်ဂျီရဲ့ လုပ်ဆောင်ပုံအပေါ် ရှုတ်ချခဲ့ပါတယ်။ “ပီအက်စ်ဂျီကြောင့် ကျွန်တော်တို့တွေ တုန်လှုပ်ခဲ့ရပါတယ်။ ၄ နှစ်ကြာ အတူရှိခဲ့ပြီးနောက် အသင်းက လေးစားမှုမရှိပါဘူး။ ပီအက်စ်ဂျီက အမျိုးမျိုး တောင်းဆိုခဲ့ပါတယ်” လို့ ရိုင်အိုလာက ပြောပါတယ်။

“နောက်ဆုံးတော့ ဂီဂီယိုက အသင်းမှာ ဆက်နေချင်တာကြောင့် လက်ရှိ လစာထက် နည်းတဲ့ ကမ်းလှမ်းချက်ကို ကျွန်တော်တို့ လက်ခံခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့က စည်းမျဉ်းတွေကို ပြောင်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲပြီးမှ ပြန်ဆုံဖို့ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ ကလပ် ကမ္ဘာ့ဖလားပွဲမတိုင်ခင်မှာ ပြန်တွေ့ခဲ့ကြပြီး ဆက်လက်နေထိုင်လိုတဲ့ ဆန္ဒကို အတည်ပြုပေးခဲ့ပါတယ်”

“ဂိုးသမားအသစ်တစ်ယောက် ဝယ်ဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ သူ အသင်းအတွက် လုပ်ပေးခဲ့တာတွေ အားလုံးပြီးနောက်မှာတော့ ဂီဂီယိုကို အသင်းကနေ ထုတ်ပယ်လိုက်တာက လေးစားမှုလုံးဝ မရှိတာကြောင့် ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရှေ့နေတွေနဲ့အတူ အကဲဖြတ်သွားပါမယ်”

“ဒီဆုံးဖြတ်ချက်က နည်းပြကြောင့်ဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကို ကျော်လွန်ပြီး သူက အသင်းအတွက်လည်း အလုပ်လုပ်ပါတယ်။ ကျွန်တော့်ရဲ့ ရှေ့နေတွေနဲ့ ကျွန်တော်တို့က သူတို့ရဲ့ ရပ်တည်ချက်ကို ပိုပြီးနားလည်ချင်ပါတယ်”

“လအနည်းငယ်တုန်းက ကျွန်တော်တို့က စာချုပ်သက်တမ်းတိုးဖို့ ပြောနေခဲ့ပါတယ်။ လအနည်းငယ်အတွင်းမှာ နည်းပြက ကစားသမားတစ်ယောက်အနေနဲ့ ဂီဂီယိုအပေါ် စိတ်ပြောင်းသွားတာက ထူးဆန်းပါတယ်။ ဒါက ကျွန်တော့်ကို အဆွေးဆုံးဖြစ်စေပြီး နောက်ဆုံးမှာတော့ စာချုပ်သက်တမ်းမတိုးတာက ပိုကောင်းတယ်လို့ တွေးစေပါတယ်” လို့ ရိုင်အိုလာက ပြောခဲ့ပါတယ်။