စပိန်ရိုးရာနွားရိုင်းပြေးပွဲကို နှစ်သက်ပြီး အားကစားမျိုးရိုးမှ ဆင်းသက်လာတဲ့ အာဆင်နယ်ကြယ်ပွင့် မီရီနို
စပိန်နိုင်ငံ၊ ပမ်ပလိုနာ (Pamplona) မြို့တော်ရဲ့ ရိုးရာနွားရိုင်းပြေးပွဲက ထင်ရှားကျော်ကြားလှပါတယ်။ နွေရာသီကာလတိုင်းမှာကျင်းပတဲ့ ဒီပွဲတော်မှာ ဒေသခံကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် ထိန်းကျောင်းဦးဆောင်ပြီး နွားရိုင်း ၁၀ ကောင်(သို့မဟုတ်) ၁၀ ကောင်ကျော်ကို လမ်းကျဉ်းကျဉ်းလေးထဲမှာ ပြေးလွှားခိုင်းလေ့ရှိပါတယ်။ ဒီပွဲတော်က ကမ္ဘာ့တဝန်းမှာရှိတဲ့ ခရီးသွားဧည့်သည်တွေရဲ့စိတ်ကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။
နွားရိုင်းပြေးပွဲဆီ လာရောက်လေ့ရှိသူတွေအနက် တစ်ဦးကတော့ အသက်-၂၈ နှစ်အရွယ် အာဆင်နယ်နောက်ခံလူ မီခေးလ်မီရီနိုပဲ ဖြစ်ပါတယ်။ ပမ်ပလိုနာဒေသခံအမျိုးသားတစ်ဦးဖြစ်တဲ့ မီရီနိုက အခုပွဲတော်အတွင်း မြင်တွေ့ရလေ့ရှိတဲ့ စိတ်လှုပ်ရှားစရာတွေ၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုတွေကို ကြိုက်နှစ်သက်သူပါ။
အလားတူ အဲ့ဒီကာလတွေမှာ အိုဆာဆူနာအကယ်ဒမီကစားသမားဘဝ၊ အထင်ကြီးလောက်စရာ ခန္ဓာကိုယ်တည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ ကွင်းလယ်ကြယ်ပွင့် မီရီနိုအတွက် အများရဲ့စောင့်ကြည့်မှုကို ခံယူနေရချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ဒီအချက်က ထိန်းချုပ်ဖို့ခက်ခဲတဲ့အရာတစ်ခု ဖြစ်ခဲ့ပါတယ်။
အိုဆာဆူနာနည်းပြဟောင်းဟိုဆေးမန်နျူရယ်မက်တီယိုက “ အဲ့ဒီအချိန်မှာ မီရီနိုက ရုပ်ပိုင်းဆိုင်ရာအရ အရမ်းအားကောင်းတဲ့ ဘောလုံးသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ဒီအချက်က သူ့ရဲ့ခန္ဓာကိုယ်ကိုလှုပ်ရှားနိုင်အောင် လုံလောက်တဲ့ဖွံ့ဖြိုးမှုမျိုး မပေးစွမ်းနိုင်ခဲ့ပါဘူး။
ဒီအချက်က သူ့အတွက် အတော်လေးအခက်တွေ့စေခဲ့ပါတယ်။ သူက အသက်အရွယ်နဲ့မလိုက်အောင် သန်မာလွန်းပြီး အခြားသူတွေထက်ပိုထူးခြားပေမယ့် ကြွက်သားနဲ့ပတ်သက်လို့ လိုအပ်ချက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့အတူ ကာလတစ်ခုကို ဖြတ်သန်းပြီးချိန်မှာတော့ မီရီနိုက နည်းစနစ်ပိုင်းအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ပြီးပြည့်စုံတဲ့ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူက ချက်ချင်းဆိုသလို ထိပ်တန်းအဆင့်ဆီ ရောက်ရှိသွားနိုင်လိမ့်မယ်ဆိုတာ လူတိုင်းမြင်တွေ့နိုင်ခဲ့ပါတယ်။
မီရီနိုက အရမ်းကောင်းမွန်တဲ့ ဘယ်ခြေပိုင်ရှင်တစ်ဦးဖြစ်သလို အမြင့်ဘောတွေနဲ့ပတ်သက်လို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားခဲ့ပါတယ်။ ကွင်းရဲ့နေရာအတော်များများမှာ လိုက်ပါကစားပေးနိုင်ပြီး တိုက်စစ်ဧရိယာတွေမှာရော၊ ခံစစ်ဧရိယာတွေမှာပါ လွယ်လင့်တကူရွေ့လျားပေးနိုင်လို့ ဂိုးတွေအများကြီးသွင်းယူနိုင်မယ့် အလားအလာကောင်းတွေလည်း မီရီနိုမှာ ရှိထားခဲ့ပါတယ်”လို့ ပြောပါတယ်။
အိုဆာဆူနာအသင်းအတွက် ပွဲ ၂၀၀ နီးပါး ပါဝင်ကစားပေးခဲ့တဲ့ ကလပ်ဂန္တဝင် မီဂွဲလ်မီရီနိုရဲ့သားဖြစ်သူ မီရီနိုက အသက်-၁၆ နှစ်အရွယ်၊ ၂၀၁၂ ခုနှစ်နွေရာသီကာလမှာ အိုဆာဆူနာအကယ်ဒမီဆီ ရောက်ရှိလာခဲ့ပါတယ်။ အသက်အရွယ်နဲ့မလိုက်အောင် မြင့်မားလှတဲ့ မီရီနိုရဲ့အရပ်အမောင်းက အခြားမွေးချင်းညီအစ်ကိုအားကစားသမားတွေလိုပဲ သူ့ရဲ့အမေဖြစ်တဲ့ မိုင်တီထံမှ အမွေဆက်ခံခဲ့ပုံရပါတယ်။ မိုင်တီကလည်း ပရော်ဖက်ရှင်နယ်ဘတ်စကတ်ဘောလောကမှာ ကျော်ကြားတဲ့ အားကစားသမားတစ်ဦး ဖြစ်ပါတယ်။
အိုဆာဆူနာအကယ်ဒမီရဲ့အကျော်ကြားဆုံးထုတ်ကုန်တွေထဲမှာ ချဲလ်ဆီးခံစစ်ကစားသမားဟောင်း အက်ဇ်ပီလီကွီတာနဲ့ အာဆင်နယ်နောက်ခံအစွန်လူဟောင်း မွန်ရီရယ်လ်တို့ပါဝင်ပြီး အိမ်နီးချင်းပြိုင်ဘက် ဘီလ်ဘာအိုကလည်း အိုဆာဆူနာအကယ်ဒမီထုတ်ကုန်တွေကို မကြာခဏဆိုသလို ချိတ်ဆက်ခေါ်ယူသွားလေ့ ရှိပါတယ်။ ဒီလိုကစားသမားတွေအနက် ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံဆု ကိုးကြိမ်၊ ချန်ပီယံလိဂ်ဖလားနှစ်ကြိမ်ရရှိခဲ့တဲ့ ဂျာဗီမာတီနက်ဇ်က ထင်ရှားပါတယ်။
ဒါပေမယ့် မီရီနိုအတွက်တော့ ကလပ်အသင်းမှထွက်ခွာဖို့ အခွင့်အရေး လုံးဝမရရှိခဲ့ပါဘူး။ ငယ်ဘဝကလပ် အိုဆာဆူနာကို ချစ်ခင်မြတ်နိုးတဲ့စိတ်ဆန္ဒတွေကြောင့် မီရီနိုရဲ့ကစားသမားဘဝမှာ အရေးပါလွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။
စပိန်ဒုတိယတန်းတန်းဆင်းဇုန်မှ စိတ်လှုပ်ရှားဖွယ်ရုန်းထွက်နိုင်ခဲ့တဲ့ အိုဆာဆူနာရဲ့ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီအတွင်း ဒုတိယရာသီဝက်ကာလဖြစ်တဲ့ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မတ်တီယိုက အသင်းရဲ့ယာယီနည်းပြဖြစ်လာခဲ့ပါတယ်။ သူက ချက်ချင်းဆိုသလိုပဲ အသက်-၁၈ နှစ်အရွယ် မီရီနိုကို စီနီယာအသင်းဆီ ခေါ်ဆောင်လာခဲ့ပါတယ်။
မက်တီယိုက “လူငယ်ကစားသမားလေးတွေအတွက် အိုဆာဆူနာအသင်း ပေးစွမ်းနိုင်တဲ့အရာက အောင်မြင်ဖို့ လိုအပ်မယ့်အရည်အချင်းတွေကို ဖန်တီးပေးနိုင်မယ့် တောင်းဆိုမှုများပြားလှတဲ့ အခင်းအကျင်းတစ်ခု ဖြစ်ပါတယ်။ ဒီကလပ်အသင်းမှာ ရှိနေတဲ့ကစားသမားတိုင်းက အသင်းကြီးတွေမှာကစားနိုင်စွမ်းရှိပါတယ်။ အောက်တန်းလိဂ်တွေမှာ သူတို့ရဲ့အရည်အချင်းပြသနေခြင်းကပဲ သူတို့တွေအတွက် စိတ်လှုပ်ရှားတက်ကြွစေခဲ့တယ်ဆိုတာကို ခင်ဗျားတို့လည်း မြင်တွေ့နိုင်ပါတယ်။
မီရီနိုကိုယ်တိုင်လည်း ကျွန်တော်တို့နဲ့အတူ ဒီလိုကစားသမားမျိုးဖြစ်လာတာကို ဂုဏ်ယူနေပါလိမ့်မယ်။ ကျောက်ရိုင်းတုံးလေးထဲမှ တကယ့်အဖိုးတန်ကျောက်တစ်လုံးကို ရရှိသလိုမျိုးပဲ စီနီယာအသင်းဆီ သူရောက်ရှိလာတာကို မြင်တွေ့ရတာ ထူးရှယ်ပါပဲ။
အလွန်ခက်ခဲရှုပ်ထွေးနေတဲ့အချိန်ကာလတစ်ခုမှာပဲ မီရီနိုက သူ့ရဲ့ပွဲဦးထွက်ကို ကစားခဲ့ရတာပါ။ အဲ့ဒီနေရာမှစပြီး သူတိုးတက်လာခဲ့တာပါပဲ။ ဒါက အခုအချိန်မှာ ကျွန်တော်တို့မြင်တွေ့နေရတဲ့ သူ့ရဲ့ကျော်ကြားမှုတွေအတွက် အငြင်းပွားဖွယ်မရှိ ထောက်တိုင်တစ်ခုဖြစ်ပါတယ်။
ကြိုးစားထားသမျှအရာအားလုံးကို အလွယ်တကူလွှတ်ချလိုက်မယ်ဆိုရင် မီရီနိုက ဘောလုံးသမားတစ်ဦး ဖြစ်လာစရာ အကြောင်းမရှိတော့ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ သူက အာဆင်နယ်အသင်းဆီ ရောက်ရှိသွားပါပြီ”လို့ ပြောပါတယ်။
နောက်ဘောလုံးရာသီမှာလည်း မီရီနိုက အိုဆာဆူနာအသင်းကို လာလီဂါပြိုင်ပွဲဆီ Play-off မှတဆင့် တန်းတက်နိုင်အောင် လိဂ် ၃၄ ပွဲကစား၊ ၄ ဂိုးသွင်းယူရင်း တောက်ပစွာပါဝင်ကစားပေးခဲ့ပါတယ်။ မက်တီယိုက “အဲ့ဒီအချိန်မှစပြီး မီရီနိုက သူရောက်ရှိသွားတဲ့ကလပ်အသင်းတိုင်းမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်”လို့ ပြောပါတယ်။
ဒါပေမယ့် မက်တီယိုရဲ့အဆိုက မီရီနိုရဲ့ဒေါ့မွန်ကစားသမားဘဝ(၂၀၁၆-၂၀၁၇ ဘောလုံးရာသီ)၊ နယူးကာဆယ်ကစားသမားဘဝ(၂၀၁၇-၂၀၁၈ ဘောလုံးရာသီ)တွေအတွက် အပြည့်အဝမှန်ကန်မှု မရှိခဲ့ပါဘူး။ ဒီကာလတွေမှာ မီရီနိုက ပုံမှန်ပွဲကစားခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ဆိုစီဒက်ကစားသမားဘဝမှာတော့ မီရီနိုက ပုံမှန်ခြေစွမ်းကို ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး အာဆင်နယ်နည်းပြအာတီတာရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
၂၀၂၄ ယူရိုချန်ပီယံစပိန်အသင်းအတွက် မီရီနိုရဲ့လွှမ်းမိုးနိုင်စွမ်းတွေက စပိန်သားနည်းပြအာတီတာအတွက် အထင်ကြီးလောက်စရာဖြစ်ခဲ့မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ မီရီနိုက အိမ်ရှင်ဂျာမနီကို အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း အနိုင်ဂိုးကို အချိန်ပိုမှာ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဒါကြောင့်ပဲ အာတီတာက သူ့ကို အမ်းမရိတ်စ်ဆီ ပေါင် ၃၂ သန်းတန်အပြောင်းအရွှေ့သဘောတူညီမှုဖြင့် ခေါ်ယူခဲ့တာပါ။
ဒါပေမယ့် အိုဆာဆူနာမှာရှိနေသူတွေကတော့ မီရီနိုရဲ့ကစားသမားဘဝနှောင်းပိုင်းကာလတွေမှာ ပမ်ပလိုနာဒေသဆီ ပြန်လာမယ့်နေ့ရက်တွေကို လက်ချိုးရေပြီး စောင့်ကြိုနေကြပါတယ်။ မက်တီယိုက “ဘောလုံးသမားတစ်ဦးဖြစ်ခဲ့ဖူးတဲ့ ဖခင်နဲ့ သားဖြစ်သူကိုလည်း သူ့လိုပဲ ဘောလုံးသမားတစ်ဦး ဖြစ်လာစေခဲ့မှုက အိုဆာဆူနာကလပ်အသင်းအားပေးသူအသိုက်အဝန်းအတွက် ဂုဏ်ယူကျေနပ်စရာတွေ ဖြည့်ဆည်းပေးပါတယ်။ ဒီလိုရေသောက်မြစ်မျိုးကို ဆက်လက်ထိန်းသိမ်းထားရပါမယ်။
ကမ္ဘာ့အဆင့်ပဲဖြစ်ဖြစ်၊ ဥရောပအဆင့်ပဲဖြစ်ဖြစ် ဒီလိုကစားသမားတစ်ဦး ရှိနေမယ်ဆိုရင် သူတို့တွေက အခုလိုဂုဏ်ယူစရာမျိုးကို ပြန်လည်သယ်ဆောင်လာပေးပါလိမ့်မယ်။ ဒါက လှပလွန်းပါတယ်”လို့ ပြောပါတယ်။