The network connection is lost.

Banner Image

မက်ဒေါ်နယ်ဆိုင်ကနေ ဘာဂါတောင်းစားရတဲ့ဘဝမှ ကမ္ဘာကျော်စူပါစတားဘဝသို့ ရောက်ရှိလာတဲ့ ရော်နယ်ဒိုရဲ့ဘ၀ဖြတ်သန်းရာ

ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားစာရင်းမှာပါဝင်နေသလို၊ တစ်နှစ်ကို ပေါင် ၂၂၉ သန်းအထိရရှိနေတဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။ ဒီလောက်အထိငွေကြေးကြွယ်ဝမှုကို အသက်-၁၂ နှစ်အရွယ် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအကယ်ဒမီသို့ရောက်ရှိလာခဲ့ဖူးတဲ့ လူငယ်လေးတစ်ယောက်ဟာ ဘယ်တုန်းကမှ မျှော်လင့်ထားခဲ့မှာမဟုတ်ပါဘူး။ 

လက်ရှိအချိန်မှာ ကလေး ၅ ယောက်ဖခင်အဖြစ် မိသားစုအစုံအလင်နဲ့ ချမ်းချမ်းသာသာနေထိုင်နေရတဲ့ ရော်နယ်ဒိုဟာ တစ်ချိန်ကတော့ ဘောလုံးလေ့ကျင့်ရေးအစီအစဉ်တွေအပြီးမှာ ဗိုက်ဖြည့်ဖို့ မက်ဒေါ်နယ်ဆိုင်မှ ဘာဂါတွေတောင်းစားခဲ့ရဖူးပါတယ်။ ယနေ့မှာပဲ အသက်-၄၀ ပြည့်ပြီဖြစ်တဲ့ရော်နယ်ဒိုက သူ့ရဲ့ငယ်ငယ်ကအကြောင်းတွေကို အခုလိုပဲဝန်ခံပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ ညဘက် ၁၀ နာရီခွဲ ၁၁ နာရီလောက်မှာ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်ပြီးသွားတော့ ဗိုက်ဆာနေတာပေါ့။ ဒါကြောင့် ဘောလုံးကွင်းဘေးနားက မက်ဒေါနယ်ကိုသွားခဲ့ကြပါတယ်။ ပြီးတော့ ပိတ်ထားတဲ့ဆိုင်တံခါးကိုခေါက်ပြီး ဘာဂါတွေကျန်သေးလားလို့မေးပြီး တောင်းစားခဲ့ကြပါတယ်” 

အခုလိုရော်နယ်ဒိုရဲ့ဝန်ခံချက်ကို စပို့တင်းအကယ်ဒမီမှာ သူငယ်ချင်းဖြစ်ခဲ့ဖူးတဲ့ ဖာဘီယိုပိမ်းက “ကျွန်တော်တို့ ညတိုင်းလိုလို မက်ဒေါ်နယ်ဆိုင်ကိုသွားခဲ့ကြပါတယ်။ ဘာအတွက်လဲဆိုတော့ လူတွေမဝယ်ချင်တဲ့ ဒါမှမဟုတ် ရောင်းဖို့မသင့်တော်တဲ့ ဘာဂါတွေယူဖို့ပါ။ ကျွန်တော်တို့အဲဒီကို ညတိုင်းသွားခဲ့ကြတာပါ” လို့ထောက်ခံပြောကြားခဲ့ပါတယ်။ 

ပီးယာ့စ်မော်ဂန်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာလည်း ရော်နယ်ဒိုက အဆိုပါမက်ဒေါ်နယ်ဆိုင်အကြောင်းကို ပြန်ပြောပြခဲ့ဖူးပါတယ်။ သူက “အဲဒီဆိုင်မှာ အက်ဒ်နာနဲ့ ကောင်မလေး ၂ ယောက်ရှိပါတယ်။ သူတို့က မယုံနိုင်စရာပါပဲ။ သူတို့က ကျွန်တော်တို့ကို ဘာဂါတွေပေးခဲ့ပါတယ်။ သူတို့ကို နောက်ပိုင်းမှာ ထပ်မတွေ့ရတော့ပါဘူး။ ပြီးတော့ အဲဒီမက်ဒေါ်နယ်ဆိုင်ကလည်း ပိတ်သွားတယ်လေ” လို့ပြောကြားခဲ့ပါတယ်။ 

ဒါပေမယ့် ရော်နယ်ဒိုပြောခဲ့တဲ့ ကောင်မလေး ၃ ယောက်ထဲမှ အက်ဒ်နာဆိုတဲ့အမျိုးသမီးက “ဒါက တစ်ချိန်တုန်းကဖြစ်ခဲ့ဖူးတဲ့ သာမန်အဖြစ်အပျက်လေးတစ်ခုပါပဲ။ သူအခုလိုအောင်မြင်လာခဲ့တာ ကျွန်မဝမ်းသာပါတယ်။ နှစ်တွေကအရမ်းကြာခဲ့ပြီဆိုတော့ သူ ကျွန်မကို မှတ်မိမယ်လို့ လုံးဝမထင်ထားခဲ့ပါဘူး။ ဒီလို အသေးအဖွဲလေးတွေကအစ မှတ်မိနေတယ်ဆိုကတည်းက သူက ဘယ်လောက်အထိအံ့ဩဖို့ကောင်းတဲ့လူတစ်ယောက်လဲဆိုတာ ပြောနေစရာကိုမလိုတော့ပါဘူး” လို့ပြောခဲ့ပါတယ်။ 

ဒါကြောင့်ငယ်ငယ်ကတည်းက နှိမ့်နှိမ့်ချချနေခဲ့တဲ့ ရော်နယ်ဒိုဟာ အခုလို သမိုင်းဝင်ကစားသမားတစ်ယောက်ဖြစ်တဲ့အချိန်အထိ ဘဝမမေ့တတ်တဲ့လူသားတစ်ယောက်လည်းဖြစ်ပါတယ်။ အသက်-၁၇ နှစ်အရွယ်မှာ မန်ချက်စတာယူနိုက်တက်သို့ရောက်ရှိလာခဲ့တဲ့ ပိန်ပိန်သေးသေးကောင်လေးက အခုချိန်မှာတော့ ဘောလုံးကရတဲ့ဝင်ငွေ တစ်နှစ်လုပ်ခ ပေါင် ၁၇၃ သန်းရရှိတဲ့ ဆော်ဒီပရိုလိဂ်ရဲ့ဘုရင်တစ်ပါးအဖြစ်သို့ ပြောင်းလဲခဲ့ပြီဖြစ်ပါတယ်။ ရော်နယ်ဒိုက သူ့ရဲ့စံပြပုဂ္ဂိုလ်က သူကိုယ်တိုင်ပဲလို့လည်း သတ်မှတ်ထားသူလည်းဖြစ်ပါတယ်။

တစ်ခါက သူ့ရဲ့ယူနိုက်တက်အသင်းဖော် နစ်ကီဘတ်က “ရော်နယ်ဒိုက လေ့ကျင့်ရေးကွင်းကနေ နောက်ဆုံးမှပြန်တဲ့ကောင်ပါ။ လေ့ကျင့်ရေးအစီအစဉ်ကနေ သူ့ကိုဘယ်လိုမှခေါ်ထုတ်လို့မရပါဘူး။ ကျွန်တော်တို့အားလုံးက ကွင်းထဲကနေထွက်ခွာလာချိန်မှာ သူက ဘောလုံးတွေနဲ့အလုပ်ရှုပ်နေတုန်းပါပဲ” “ကျွန်တော်တို့က နေ့လယ် ၂ နာရီလောက် နေ့လယ်စာတွေဘာတွေစားပြီး အိမ်ပြန်ဖို့လုပ်နေပြီဆိုရင် ဖာဂူဆန်က လေ့ကျင့်ရေးကွင်းထဲက ရော်နယ်ဒိုကို အနားယူဖို့လှမ်းလှမ်းအော်ခဲ့ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

နစ်ကီဘတ်ရဲ့စကားကို ဖာဂူဆန်ကလည်း ဟုတ်မှန်ကြောင်းထောက်ခံခဲ့ပြီး “ရော်နယ်ဒိုက သူ့ကိုယ်သူ အကောင်းဆုံးဖြစ်ဖို့ ကျိန်ဆိုထားတဲ့လူတစ်ယောက်ပါ။ ကျွန်တော်တို့ တစ်ခါက စနေနေ့မှာ အာဆင်နယ်နဲ့ကစားဖို့ ပွဲရှိနေတယ်။ ဒါပေမယ့် ပွဲမတိုင်ခင် ကာရင်တန် လေ့ကျင့်ရေးကွင်းထဲမှာ မိုးရွာပြီး မြေတွေကအရမ်းပျော့နေတယ်။ သူက အမြဲတမ်းလေ့ကျင့်ရေးကွင်းထဲမှာ လေ့ကျင့်နေမှန်းကျွန်တော်သိလို့ ကွင်းထဲမှာ မြေတွေပျော့နေတယ်။ ပြီးတော့အရမ်းလည်းစိုနေတဲ့အကြောင်းသူ့ကိုပြောခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ရုံးခန်းကို ကျွန်တော်သွားတယ်။ သိပ်မကြာပါဘူး အပြင်ကိုကြည့်လိုက်တော့ သူကအဲဒီမြက်ခင်းပျော့ပေါ်မှာ လေ့ကျင့်ရေးဆင်းနေပါတယ်။ ကျွန်တော်လည်း သူ့ကိုဘာမှပြောမနေတော့ပါဘူး။ ပြောလည်းအပိုပါပဲ။ သူကကျွန်တော့်ကို အနိုင်ရသွားပြီလေ” လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်သို့ရော်နယ်ဒိုရောက်လာပြီး နောက်တစ်နှစ်အကြာမှာ ဝန်းရွန်းနီက အဲဗာတန်ကနေ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၉ ခုနှစ်မှာတော့ ရော်နယ်ဒိုက အင်္ဂလန်မြေကိုစွန့်ခွာပြီး ဘောလွန်းဒီအော်ဆုနဲ့အတူ ရီးရဲလ်မက်ဒရစ်သို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာသွားခဲ့ပါတယ်။ ယူနိုက်တက်နောက်ခံလူဟောင်း နီမန်ဂျာဗီဒစ်က ရော်နယ်ဒိုက ဘာကြောင့်ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းမှာပါဝင်ပြီး ရွန်းနီကတော့ ဘာကြောင့် အဲဒီစာရင်းမှာမပါတာလဲဆိုတဲ့အဖြေကို ပြောကြားခဲ့ဖူးပါတယ်။ 

ဗီဒစ်က “ခင်ဗျားတို့ အင်စတာဂရမ်မှာအောင်မြင်နေတဲ့ရော်နယ်ဒိုကို မြင်တယ်မဟုတ်လား။ အဲဒါသူနဲ့ထိုက်တန်လို့သူရတာပဲ။ အသက်-၁၈ ၁၉ ကနေ ၂၁ နှစ်အတွင်းမှာ ရော်နယ်ဒိုက စိတ်ဓာတ်ပိုင်းရော၊ ခြေစွမ်းပိုင်းပါတိုးတက်ဖို့ အစွမ်းကုန်ပေးဆပ်ခဲ့ပါတယ်။ ဒါကြောင့် သူအခုရရှိထားတဲ့အောင်မြင်မှုတွေက သူနဲ့ သေချာပေါက်ထိုက်တန်ပါတယ်” “ရွန်းနီကတော့ သူ့လောက်မကြိုးစားခဲ့ပါဘူး။ ဒါက ကျွန်တော့်အမြင်သက်သက်ပါ။ ရွန်းနီမှာ ကြိုးစားလိုစိတ်မရှိဘူးလို့ ကျွန်တော်ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် သူက ပါရမီသီးသန့်နဲ့ပဲ ကစားခဲ့တာပါ။ ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် သူဘာမှဂရုမစိုက်ခဲ့ပါဘူး။ ပြီးတော့ အချိန်ပိုလေ့ကျင့်ရေးအစီအစဉ်တိုင်းကိုလည်း သူမလုပ်ခဲ့ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်သို့ရောက်ရှိပြီးနောက်မှာတော့ ရော်နယ်ဒိုက အောင်မြင်မှုတွေဆက်လက်သိမ်းပိုက်ခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလား ၄ ကြိမ်အထိ ထပ်မံဆွတ်ခူးခဲ့ကာ ဘောလွန်းဒီအော်ဆုတွေနဲ့ တစ်ဦးချင်းအောင်မြင်မှုတွေလည်း ဆက်လက်ရရှိခဲ့ပါတယ်။ ဒါ့အပြင်ပေါ်တူဂီသားဟာ ရီးရဲလ်မက်ဒရစ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါသေးတယ်။ ရော်နယ်ဒိုနဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုက “ခရစ္စတီယာနိုက လေ့ကျင့်ရေးကွင်းကို အစောဆုံးရောက်ပြီး နောက်ဆုံးမှပြန်တဲ့သူပါ။ သူ့ကိုယ်သူ လေ့ကျင့်ရေးအစီအစဉ်ကို အမြဲတမ်းပိုလုပ်နေရမယ်လို့ ကတိပေးထားပါတယ်။ သူ့ရဲ့ကိုယ်ကာယကြံ့ခိုင်မှုနဲ့ ခန္ဓာကိုယ်ထိန်းသိမ်းပုံကြောင့် သူ့လောက်ပရော်ဖက်ရှင်နယ်ဆန်တဲ့သူမရှိပါဘူး။ သူ့လိုအဆင့်အတန်းရှိတဲ့ကစားသမားမျိုး ကျွန်တော်မတွေ့ဖူးသလောက်ပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် လက်ရှိရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီကလည်း “ကျွန်တော့်အနေနဲ့ ရော်နယ်ဒိုရဲ့အကြောင်းကို သိသင့်သလောက်သိထားပေမယ့် တကယ်ကြုံရတဲ့အခါမှာလည်း အံ့အားသင့်နေရတုန်းပါပဲ။ သူ့အတွက် လေ့ကျင့်ရေးအစီအစဉ်နဲ့ သူကစားတဲ့ပွဲတစ်ပွဲထက်ပိုအရေးကြီးတဲ့အရာ မရှိတဲ့ပုံပါပဲ။ သူကပွဲစဉ်တိုင်းကို သူ့ဘဝရဲ့ နောက်ဆုံးပွဲလိုကစားပါတယ်။ ဒါက ကျွန်တော့်အတွက်တော့ အံ့ဩစရာပါပဲ။ တစ်ည ကျွန်တော်တို့ အဝေးကွင်းမှာသွားကစားပြီး ပြန်လာတော့ ကျွန်တော်တို့အားလုံး အိမ်ပြန်ပြီး အိပ်ချင်နေကြပါပြီ။ ဒါပေမယ့်သူကတော့ လေ့ကျင့်ရေးကွင်းကိုသွားပြီး ကြံ့ခိုင်မှုအတွက် ရေခဲသွားစိမ်ပါတယ်။ ဒီလိုလုပ်တဲ့ကစားသမားမျိုး ကျွန်တော်တစ်ခါမှမမြင်ဖူးပါဘူး။ 

ကျွန်တော် လုံးဝဆွံ့အသွားခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်ဒိုနဲ့ ၂ နှစ်ကြာလက်တွဲခဲ့ဖူးပါတယ်။  ရီးရဲလ်မက်ဒရစ်အတွက် ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက်ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ဇီဒန်းက “ကျွန်တော့်မှာ အရမ်းကောင်းတဲ့ ကစားသမားဘဝရှိခဲ့ပေမယ့် ရော်နယ်ဒိုက ကျွန်တော့်ထက်ပိုကောင်းတယ်လို့ထင်ပါတယ်။ သူ့ရဲ့နေ့စဉ်ဘဝ ပွဲစဉ်တိုင်းကသူ့ရဲ့ခြေစွမ်းက အရမ်းကိုထူးကဲလွန်းပါတယ်။ ဒီအသင်းမှာ သမိုင်းဝင်ခဲ့တဲ့ကစားသမားတွေအများကြီးရှိပါတယ်။ ဒါပေမယ့် သူလုပ်ခဲ့တာလောက် ဘယ်သူမှလိုက်မမီပါဘူး။ အချက်အလက်တွေက စကားပြောပါလိမ့်မယ်။ သူက ကျွန်တော့်နည်းပြဘဝမှာ အကောင်းဆုံးကစားသမားပါ” လို့ချီးကျူးပြောဆိုခဲ့ဖူးပါတယ်။ 

၂၀၁၈ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကနေထွက်ခွာလာခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ကမ္ဘာ့ပထမဆုံး ချန်ပီယံလိဂ်ဖလား ၅ ကြိမ်ဆုရှင်အဖြစ် စံချိန်တင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ရောက်ရှိလာခဲ့ပြီး အဆိုပါပြောင်းရွှေ့ကြေးဟာ ဘောလုံးသမိုင်းတစ်လျှောက် အသက်-၃၀ ကျော်ကစားသမားတစ်ယောက်အတွက် အမြင့်မားဆုံးတန်ကြေးဖြစ်ခဲ့ပါတယ်။ 

ကိုယ်ခန္ဓာကြံ့ခိုင်မှုကို အလွန်အလေးပေးတဲ့ ရော်နယ်ဒိုဟာ နေ့စဉ်လေ့ကျင့်ခန်းအစီအစဉ်တွေပြုလုပ်သလို၊ ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာကို တစ်နေ့ ၆ ကြိမ်အထိ စားသောက်တယ်လို့သိရပါတယ်။ ဒါ့အပြင် သူဟာ အရက်နဲ့ဘီယာကို ရှောင်ရှားထားပြီး ရေကိုတော့ တစ်နေ့ ၆ လီတာအထိသောက်လေ့ရှိပါတယ်။ 

ဒါ့အပြင် အိပ်တဲ့နေရာမှာလည်း သူဟာ မိနစ် ၉၀ စီခွဲပြီးအိပ်စက်လေ့ရှိပြီး တစ်နေ့ကို ၇ နာခွဲအထိအနည်းဆုံးအိပ်စက်ပါတယ်။ ရော်နယ်ဒိုရဲ့ ကိုယ်ကာယကြံ့ခိုင်မှုထိန်းသိမ်းပုံဟာ ဘောလုံးသမားတစ်ယောက်နဲ့မတူဘဲ အမ်အမ်အေဖိုက်တာတစ်ယောက်လိုဖြစ်နေတယ်လို့ ပြောကြသူတွေလည်းရှိပါတယ်။ 
လက်ရှိမျိုးဆက်ဘောလုံးသမားအတော်များများဟာ တက်တူးကိုယ်စီရှိကြပေမယ့် ရော်နယ်ဒိုကတော့ တက်တူးမထိုးပါဘူး။ သူဟာ ပုံမှန်သွေးလှူလေ့ရှိတဲ့ လူတစ်ယောက်ဖြစ်ပြီး တက်တူးက သွေးလှူရာမှာ အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် တက်တူးမထိုးတာဖြစ်ပါတယ်။ သွေးအပြင် ရော်နယ်ဒိုဟာ သူ့ရဲ့ငွေကြေးတွေကိုလည်း ကဏ္ဍပေါင်းစုံမှာ ရက်ရက်ရောရောလှူဒါန်းခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင်ရော်နယ်ဒိုဟာ အသက်-၂၄ နှစ်အရွယ်တုန်းကလည်း ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ကားလို့စ်မာတင်ရဲ့သားဖြစ်သူအတွက် ရိုးတွင်းခြင်ဆီလှူဒါန်းခဲ့ဖူးပါတယ်။ 

ရော်နယ်ဒိုဟာ သူ့ရဲ့ခြေရာကိုနင်းနိုင်မယ့် သားတစ်ယောက်ကိုလည်း ပြုစုပျိုးထောင်ထားပြီး နာမည်ကိုတော့ ခရစ္စတီယာနိုဂျူနီယာလို့ပေးထားခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်ဖွား အသက်-၁၄ နှစ်အရွယ်ဂျူနီယာဟာ အဖေ့ခြေရာအတိုင်း ဘောလုံးကိုရူးသွပ်သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ အယ်လ်နာဆာလူငယ်အကယ်ဒမီမှာ ဘောလုံးကစားနေပြီဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ ဘောလုံးသမားဘဝကနေ အနားမယူခင်မှာ သားဖြစ်သူနဲ့ အတူတူတွဲဖက်ကစားဖို့ အခွင့်အရေးရလာနိုင်ချေရှိပါတယ်။ 

အသက်-၄၀ အရွယ်ရှိပြီဖြစ်ပေမယ့် ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့ ပေါ်တူဂီအသင်းအတွက် အလွန်အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားထားနိုင်ဆဲဖြစ်ပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။ အဆိုပါကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပချိန်မှာတော့ ရော်နယ်ဒိုဟာ အသက်-၄၁ နှစ်အရွယ်ရှိနေမှာဖြစ်ပါတယ်။