ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တက်နိုင်သမျှ အဝေးဆုံးအထိ ခရီးရောက်သွားလိမ့်မယ်လို့ ယုံကြည်နေတဲ့ မိုက်ကယ်ကာရစ်
နောက်ဆုံးသုံးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိလာတဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဥရောပရဲ့အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားနိုင်စွမ်းရှိတယ်လို့ မိုက်ကယ်ကာရစ် ယုံကြည်နေပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ယာယီနည်းပြအဖြစ် တာဝန်ယူချိန်အတွင်း သရဲနီတွေကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားတတိယနေရာမှာ ရပ်တည်နိုင်အောင် ဦးဆောင်ခဲ့ပြီးနောက် မိုက်ကယ်ကာရစ်က ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြ ဖြစ်လာခဲ့ပါတယ်။
ဥရောပရဲ့အဆင့်မြင့်ဆုံး ကလပ်အသင်းပြိုင်ပွဲမှာ ပါဝင်ခွင့်ရရှိပြီးနောက် ယူနိုက်တက်က ကြာသပတေးနေ့၊ အိုးထရက်ဖို့ဒ်ကွင်းမှာ အဇာဘိုင်ဂျန်ချန်ပီယံဆာဘာအသင်းကို ဧည့်ခံကစားရင်း ချန်ပီယံလိဂ်ခရီးစဉ် စတင်သွားပါတော့မယ်။
"ဒါဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲတစ်ခုပါ။ ကျွန်တော်တို့အားလုံး ပါဝင်ချင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲနဲ့ဝေးကွာနေချိန် ဒီပြိုင်ပွဲက ဘယ်လောက်အထိ ထူးခြားသလဲဆိုတာကို သိရှိရပြီး ပါဝင်ခွင့်ရချိန်မှာတော့ အကောင်းဆုံး အသုံးချချင်ကြပါတယ်" လို့ ကာရစ်က ဗုဒ္ဓဟူးနေ့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။
"နှစ်ကာလများစွာ ဒီပြိုင်ပွဲရဲ့ထူးခြားဆန်းပြားတဲ့ ညချမ်းတွေနဲ့ ခံစားချက်တွေကို ကျွန်တော်တို့အားလုံး မြင်တွေ့ခံစားခဲ့ကြရတယ်လို့ ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ဖို့နဲ့ အကောင်းဆုံးပြိုင်ဘက်တွေကို ကျော်ဖြတ်ဖို့ဆိုတာ အကောင်းဆုံးယှဉ်ပြိုင်မှုတစ်ခုပါပဲ"
"ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ရလို့ ဝမ်းသာပေမဲ့ ကျွန်တော်တို့က ဒီအတိုင်း ပါဝင်ဆင်နွှဲရုံသက်သက် မဟုတ်ပါဘူး။ အောင်မြင်မှုရယူဖို့နဲ့ အတတ်နိုင်ဆုံး အဝေးဆုံးအဆင့်အထိ တက်လှမ်းနိုင်ဖို့အတွက် ရောက်ရှိနေတာ ဖြစ်ပါတယ်"လို့ ကာရစ်က ဆက်ပြောပါတယ်။
ဥရောပချန်ပီယံသုံးကြိမ်ဖြစ်ခဲ့ဖူးတဲ့ ယူနိုက်တက်က နောက်ဆုံးပါဝင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲသုံးကြိမ်အနက် နှစ်ကြိမ်ကို အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသလို ၂၀၁၉ ခုနှစ်နောက်ပိုင်းကတည်းက နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်ထက် ကျော်လွန်ပြီး မတက်လှမ်းနိုင်ခဲ့ပါဘူး။
တဖက်မှာလည်း ယူနိုက်တက်က အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲအစမှာပဲ ဟားလ်စီးတီး၊ အစ်ဆွစ်နဲ့ အဲဗာတန်တို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်တွေမှ လေးမှတ်သာ ရှာဖွေထားနိုင်ပြီး ရုန်းကန်နေရပါတယ်။
ဒါပေမဲ့ ကာရစ်လက်အောက်ယူနိုက်တက်က ပြိုင်ဘက်ကောင်းတွေနဲ့ရင်ဆိုင်ရချိန်မှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဒုတိယရာသီဝက်မှာ ယူနိုက်တက်က အာဆင်နယ်၊ မန်စီးတီး၊ လီဗာပူးနဲ့ ချဲလ်ဆီးတို့ကို အနိုင်ယူခဲ့ပါတယ်။
ကာရစ်က "ဒီပြိုင်ပွဲမှာ ကျွန်တော်တို့က အလွန်ကောင်းမွန်တဲ့အရာတွေ လုပ်ဆောင်ပြီး ရှေ့ဆက်တက်လှမ်းနိုင်စွမ်းရှိမယ်ဆိုတာ ယုံကြည်ထားပါတယ်" လို့ ပြောပါတယ်။
"ဒါပေမဲ့ အချို့ကစားသမားတွေအတွက် အတွေ့အကြုံသစ်တစ်ခုလို ဖြစ်နေလို့ စိတ်လောကြီးနေလို့လည်း မရပါဘူး"
"ဒါပေမဲ့ ကစားသမားအများစုမှာတော့ မတူညီတဲ့ဥရောပပြိုင်ပွဲတွေမှာ ကစားဖူးတဲ့ အတွေ့အကြုံရှိပြီးသားဖြစ်လို့ ဒါကို အသုံးချသွားရပါမယ်။ ကျွန်တော်တို့မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး တောင့်တင်းတဲ့ လူစာရင်းတစ်ခု ရှိနေပါတယ်" လို့ ဆက်ပြောပါတယ်။
အခြားပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးသုံးစွဲမှုနဲ့ ဆန့်ကျင်ဘက်အဖြစ် ယူနိုက်တက်က အပြောင်းအရွှေ့ကာလအတွင်းမှာ ကွင်းလယ်ပိုင်းအတွက်သာ ငွေကြေးသုံးစွဲခဲ့ပါတယ်။
ဒါ့အပြင် ယူနိုက်တက်က ၁၉၁၄-၁၉၁၅ ဘောလုံးရာသီနောက်ပိုင်း ယှဉ်ပြိုင်ရတဲ့ပွဲစဉ်အရေအတွက်အနည်းဆုံးအဖြစ် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြိုင်ပွဲစုံပွဲ ၄၀ သာ ကစားခဲ့ရလို့ အကျိုးကျေးဇူး ဖြစ်ထွန်းခဲ့ပါတယ်။
ဒါပေမဲ့ ကာရစ်ကတော့ သူ့ရဲ့ကစားသမားတွေကိုယ်တိုင် ပိုမိုများပြားလာမယ့် ပွဲစဉ်တွေရဲ့ စိန်ခေါ်မှုကို လက်ခံရင်ဆိုင်နိုင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
သရဲနီနည်းပြက "ကျွန်တော်တို့မှာ ကြာသပတေးနေ့၊ တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူးနေ့ပွဲစဉ်တွေ ကစားရဖို့ ရှိနေပြီး ဒါက ကျွန်တော်တို့ လုပ်ဆောင်သွားရမယ့်အရာပါပဲ။ ဒါကြောင့် လူစာရင်းကို စနစ်တကျစီမံခန့်ခွဲပြီး ကစားသမားတိုင်းအပေါ် ယုံကြည်မှုထားရှိပေးသွားရပါမယ်" လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အဲဗာတန်နဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆက်စ်ကိုက ကြားရက်ချန်ပီယံလိဂ်ပွဲစဉ်မှာ အခုရာသီအတွက် ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ခွင့်ရရှိဖို့ အခြေအနေကောင်းနေပါတယ်။
ဒါ့အပြင် ကျောဒဏ်ရာကြောင့် တစ်နှစ်နီးပါးအနားယူခဲ့ရတဲ့ ဒီလစ်လည်း ပြန်လည်သက်သာလာလို့ မကြာခင် ကွင်းတွင်းပြန်ဝင်နိုင်တော့မယ်လို့ ကာရစ်က အတည်ပြုခဲ့ပါတယ်။