The network connection is lost.

Banner Image

ချဲလ်ဆီးဟာ ပေါင် ၃၂ သန်းတန် တိုက်စစ်မှူးကို ‘လေးစားမှုမရှိဘူး’ဟု ဝေဖန်လိုက်တဲ့ ဖရန့်ခ် လီဘိုးဖ်

လီယမ် ဒီလပ် ဒဏ်ရာရရှိခဲ့သော်လည်း တိုက်စစ်မှူးကို ပြန်ခေါ်တာမျိုး ဒါမှမဟုတ် တိုက်စစ်မှူးအသစ် ထပ်ခေါ်ယူတာမျိုး မလုပ်သင့်ဘူးလို့ နည်းပြ အန်ဇို မာရက်စ်ကာကို ချဲလ်ဆီးအသင်း ကစားသမားဟောင်း ဖရန့်ခ် လီဘိုးဖ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီနွေရာသီမှာ ဂျာအို ပက်ဒရိုနဲ့ ဒီလပ်တို့ကို ခေါ်ယူခဲ့ပြီးနောက် တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်ဟာ စတမ်းဖို့ဒ် ဘရစ်ခ်ျကနေ ထွက်ခွာဖို့ သေချာသလောက် ဖြစ်နေခဲ့တာပါ။ အဲ့ဒီနောက် ဘိုင်ယန်မြူးနစ်အသင်းဟာ ဆီနီဂေါလ်လက်ရွေးစင် ကစားသမား ဂျက်ဆင်ကို ပေါင် ၁၃ သန်းနဲ့ အငှားစာချုပ်ချုပ်ဆိုပြီး အပြီးသတ်ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၅၆ သန်း ထပ်ပေးဖို့ သဘောတူခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂျက်ဆင်ဟာ စနေနေ့က မြူးနစ်ကို လေယာဉ်နဲ့ သွားရောက်ခဲ့ပြီး မကြာခင်မှာပဲ ချဲလ်ဆီးအသင်းက အပြောင်းအရွှေ့ကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါကတော့ ဖူလ်ဟမ်အသင်းကို ၂-၀ ဂိုး နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒီလပ် ဒဏ်ရာရရှိခဲ့တာကြောင့်ဖြစ်ပြီး လအတော်ကြာ အနားယူရနိုင်တယ်လို့ စိုးရိမ်ခဲ့ကြပါတယ်။

ချဲလ်ဆီးအသင်းဟာ ဂျက်ဆင်ကို လန်ဒန်ကို ချက်ချင်းပြန်လာဖို့ တောင်းဆိုခဲ့ပြီး ဘိုင်ယန်မြူးနစ်ကတော့ သဘောတူခဲ့ပေမယ့် ကစားသမားရဲ့ အေးဂျင့်ကတော့ အဲ့လိုဖြစ်လာမှာ မဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ်။ ချဲလ်ဆီးဟာ စပို့တင်း လစ္စဘွန်းအသင်းမှ ကွန်ရတ် ဟာဒါကို နောက်ဆုံးမိနစ်အပြောင်းအရွှေ့တစ်ခုအနေနဲ့ ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် တနင်္လာနေ့ အပြောင်းအရွှေ့ပိတ်သိမ်းချိန်မတိုင်ခင် ဘိုင်ယန်ကို ပြောင်းရွှေ့ဖို့ အခွင့်အရေးရှိနေပါသေးတယ်။

ဒါပေမဲ့ စိတ်တိုနေတဲ့ပုံစံနဲ့ပဲ လီဘိုးဖ်က သူ့ရဲ့အသင်းဟောင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဂျက်ဆင်ကို ‘အရာဝတ္ထု’ တစ်ခုလို သဘောထားတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ ဂျက်ဆင်ကို ထွက်ခွာခွင့်ပြုသင့်ပြီး ဒီလပ် မရှိဘဲနဲ့လည်း ရင်ဆိုင်နိုင်တဲ့ လူအင်အား လုံလောက်စွာ ရှိနေတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

‘နီကိုလပ်စ် ဂျက်ဆင်က လူသားတစ်ဦးပါ။ သူက အရာဝတ္ထုမဟုတ်ဘူး’ လို့ ကမ္ဘာ့ဖလားဆုရှင် လီဘိုးဖ်က ESPN ကို ပြောပြခဲ့ပါတယ်။ ‘သူက တစ်ခုခုဆိုတော့ မဟုတ်ဘူး။ လိုအပ်တဲ့အခါ ပြန်ထုတ်ပြီး သုံးရမယ့် ပစ္စည်းလည်း မဟုတ်ဘူး။ ဒီလို လုပ်လို့မရပါဘူး။ မင်းတို့က သူ့ကိုမလိုချင်ဘူး၊ အသင်းအတွက် မကောင်းဘူးလို့ ထင်တာနဲ့ ဖယ်ရှားပစ်လိုက်တာ။ အငှားချလိုက်တာတောင်မှ မင်းတို့အတွက် ကစားဖို့ မကောင်းဘူးလို့ ထင်လို့ပဲလေ။ ဒါကြောင့် ဒဏ်ရာရပြီဆိုတာနဲ့ ပြန်မခေါ်သင့်ဘူး။ ဒါက မတရားဘူး။ ဒါက ကျွန်တော့်အမြင်အရ လုံးဝကို လေးစားမှု မရှိရာရောက်ပါတယ်’

‘ကစားသမားကို နည်းနည်းပါးပါးလေး လေးစားလိုက်ကြပါ။ မင်းတို့က သူ့ကို ရွေးချယ်ခဲ့တာလေ။ သူက မကောင်းဘူးဆိုတာတော့ ထင်ရှားပါတယ်။ကျွန်တော်တို့အားလုံးလည်း သဘောတူကြတယ်။ သူက ထွက်ခွာသွားသင့်ပါတယ်။ ဒါပေမဲ့ သူ့ကို ဖယ်ရှားပစ်ပြီး တခြားကလပ်မှာ ကစားခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ဒီဆုံးဖြတ်ချက်ကို လေးစားပါ’

‘လက်ရှိရှိနေတဲ့ ကစားသမားတွေနဲ့ပဲ ရှေ့ဆက်ပါ။ ချဲလ်ဆီးမှာ ဒီအခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကစားသမားအလုံအလောက်ရှိနေပါတယ်။ ဒါကြောင့် နီကိုလပ်စ် ဂျက်ဆင်ကို တစ်ယောက်တည်း ထားလိုက်ကြပါ’ လို့ သူက ထပ်ပြောပါတယ်။

ဂျက်ဆင်ရဲ့ နေရာမှာဆိုရင် ဘယ်လိုတုံ့ပြန်မလဲလို့ မေးမြန်းတဲ့အခါမှာတော့ လီဘိုးဖ်က ‘ကျွန်တော်ဆိုရင် ရူးသွားလိမ့်မယ်။ ဘုတ်အဖွဲ့ကို ဖုန်းဆက်ပြီး မင်းတို့ဟာ ငါ့ကို အရူးလုပ်နေတာလား ဒါမှမဟုတ် ဘာလဲလို့ ပြောမိမှာပဲ။ မင်းတို့က ငါ့ကိုမလိုချင်ဘူး။ အခုကျတော့ မင်းတို့ဆီက ကစားသမား ဒဏ်ရာရတာနဲ့ ငါ့ကို ပြန်ခေါ်ပြီး ကစားခိုင်းမယ်ပေါ့။ တီဗီမှာ မပြောသင့်တဲ့ စကားတွေ ရှိပေမယ့် ငါမင်းတို့အတွက် သင့်တော်တဲ့ စကားလုံးတွေ ပြောပြမယ်၊ ဘာလို့လဲဆိုတော့ မင်းတို့ ငါ့ကို လုံးဝလေးစားမှုမရှိလို့ပဲလို့ ကျွန်တော် ပြောမိမှာပါ’ လို့ ထပ်လောင်းပြောပြခဲ့ပါတယ်။

အပြောင်းအရွှေ့ပြဿနာကို ဖြေရှင်းဖို့ ၂၄ နာရီကျော်ပဲ အချိန်ကျန်တော့ပြီး ချဲလ်ဆီးအသင်းကတော့ ဂျက်ဆင်နဲ့ ဟာဒါ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ဘရန့်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။