ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာပြသခဲ့တဲ့ တော့တင်ဟမ်ရဲ့စိတ်ဓာတ်ကို နည်းပြဖရန့်ခ် ချီးကျူး
တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ၀-၁ နဲ့အနိုင်ရခဲ့ပြီးနောက် တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က အဆိုပါပွဲစဉ်မှာ အသင်းရဲ့စွမ်းဆောင်ရည်ဟာ မျှော်လင့်ထားသလောက်မကောင်းခဲ့ပေမယ့် ကစားသမားတွေရဲ့အနိုင်ရလိုစိတ်ကြောင့် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်ကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ တော့တင်ဟမ်အတွက် တစ်လုံးတည်းသောအဖိုးတန်အနိုင်ဂိုးကို လူငယ်ကစားသမားလေး အာချီဂရေးက သွင်းယူခဲ့တာဖြစ်ပြီး အဆိုပါသွင်းဂိုးဟာ ဂရေးရဲ့ တော့တင်ဟမ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး ရစ်ချာလီဆန်ကလည်း ဒီပွဲမှာ ၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပေမယ့် ၂ ဂိုးစလုံးလူကျွံနေခဲ့လို့ ပြန်လည်ပယ်ဖျက်ခံခဲ့ရပါတယ်။
ပွဲအပြီးမှာ ဖရန့်ခ်က "ဒါက အရမ်းအရေးကြီးတဲ့နိုင်ပွဲပါ။ ကစားသမားတွေရဲ့အနိုင်ရလိုစိတ်က နည်းစနစ်ပိုင်းအသေးစိတ်အချက်အလက်တွေထက် ပိုပြီးတော့ အသာရသွားခဲ့ပါတယ်။ ကျွန်တော်တို့စွမ်းဆောင်ရည်က အကောင်းဆုံးမဟုတ်ခဲ့ပေမယ့် ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုနဲ့ စည်းကမ်းရှိမှုကို အရမ်းသဘောကျမိပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အသင်းမှာတိုက်စစ်ပိုင်းကစားသမား အများအပြားဒဏ်ရာရနေပေမယ့် နည်းပြဖရန့်ခ်က ဂိုးသွင်းယူဖို့အတွက် ကြိုးစားအားထုတ်နိုင်ခဲ့တဲ့ ကစားသမားတွေကို ချီးကျူးပြောဆိုခဲ့ပါတယ်။ တော့တင်ဟမ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်နေရသလို ပရီးမီးယားလိဂ်မှာလည်း နိုင်ပွဲရရှိဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။
မကြာသေးမီက နော်တင်ဟမ်ဖောရက်စ်နဲ့ လီဗာပူးတို့ကို ၂ ပွဲဆက်ရှုံးနိမ့်ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာအထိကျဆင်းသွားခဲ့တဲ့တော့တင်ဟမ်ဟာ ယခုနိုင်ပွဲကြောင့် အဆင့် ၁၁ နေရာသို့ ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါတယ်။
အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဂရေးနဲ့ပတ်သက်ပြီးတော့လည်း ဖရန့်ခ်က "ပွဲစဉ်ရဲ့ အရေးပါဆုံးကစားသမားဆိုတဲ့ ခံစားချက်ကို သူရရှိသွားခဲ့ပါပြီ။ သူ့အတွက်အရမ်းဝမ်းသာပါတယ်။ ဂရေးက အသင်းမှာအတော်လေးရင့်ကျက်လာပါပြီ။ အရင်ကထက် အလုပ်တွေပိုလုပ်နေသလို၊ ပိုပြီးတော့လည်း ကောင်းလာပါတယ်" လို့ချီးကျူးခဲ့ပါတယ်။
လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်တွေခေါ်ယူဖို့ရှိကြောင်းကိုလည်း ဖရန့်ခ်က "ကျွန်တော်တို့ ဈေးကွက်ထဲမှာရှိနေမှာပါ။ အသင်းအတွက် တိုးတက်မှုဖြစ်စေမယ့်ကစားသမားမျိုးတွေကိုပဲ ခေါ်ယူဖို့စိတ်ကူးထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။