လူးကပ်စ်ဘာ့ဂျ်ဗေးရဲ့ဒဏ်ရာအခြေအနေကို ပြောပြလာတဲ့ သောမတ်စ်ဖရန့်ခ်
ခရစ္စတယ်ပဲလေ့စ်အပေါ် ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဘာ့ဂျ်ဗေးရဲ့အခြေအနေကို စောင့်ကြည့်သွားရလိမ့်မယ်လို့ တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က ပြောပါတယ်။ အခုပွဲစဉ်မှာ တော့တင်ဟမ်က အသက်-၁၉ နှစ်အရွယ်လူငယ်ကစားသမားအာချီဂရေးရဲ့ စီနီယာကစားသမားဘဝပထမဆုံးသွင်းဂိုးနဲ့အတူ ခရစ္စတယ်ပဲလေ့စ်ကို ဆဲလ်ဟတ်ပတ်ခ်မှာအနိုင်ယူကာ သောမတ်စ်ဖရန့်ခ်အပေါ်ကျရောက်နေတဲ့ဖိအားတွေကို လျှော့ချပေးခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် ၆၃ မိနစ်မှာ ပေါင်ခြံဒဏ်ရာရရှိနေတဲ့ ဘာ့ဂျ်ဗေးကို လူစားလဲလှယ်ခဲ့မှုနဲ့အတူ တော့တင်ဟမ်အတွက် သတင်းကောင်းတွေချည်းသာရှိနေတဲ့ အခိုက်အတန့်တော့ မဖြစ်လာခဲ့ဘူး။ ပွဲစဉ်အပြီး အနိုင်ဂိုးရှင်အာချီဂရေးနဲ့ပတ်သက်လို့ သောမတ်စ်ဖရန့်ခ်က “ ဂရေးဟာ နည်းလမ်းပေါင်းများစွာနဲ့ အလားအလာကောင်းတွေရှိတယ်ဆိုတာကို ပြသခဲ့တယ်လို့ ထင်ပါတယ်။ ဒီနေ့အတွက်ဆိုရင်လည်း အလုံးစုံကောင်းမွန်တဲ့စွမ်းဆောင်ရည်တစ်ခုလို့ ယူဆမိပါတယ်။
ခံနိုင်ရည်ရှိမှုအကြောင်း ပြောရမယ်ဆိုရင် သူက နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ အမှားကျူးလွန်မိခဲ့ပေမယ့် တိုးတက်နေတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ် လီဗာပူးနဲ့ပွဲစဉ်မှာ အကောင်းဆုံးကစားသွားခဲ့ပါတယ်။ သူ့ရဲ့တက်ကြွမှုကို မြင်တွေ့နိုင်သလို ဒီသွင်းဂိုးကိုလည်း ကျွန်တော် ကြိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက တက်ကြွမှုအပြည့်နဲ့ ဘောလုံးဘယ်နားရောက်လာမလဲဆိုတာကို တွက်ချက်ပြီး အဆင်သင့်ရှိနေခဲ့လို့ ဖြစ်ပါတယ်။
သူ့ရဲ့အရည်အသွေးတွေ အများကြီးပြသခဲ့ပြီး ကွင်းတစ်ခုလုံးကို လွှမ်းခြုံထားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဖိအားပေးကစားရတဲ့ပွဲစဉ်မှာ သူအရမ်းကောင်းတယ်လို့ ထင်ပါတယ်။ ခံစစ်ပိုင်းအကူးအပြောင်းတွေမှာလည်း အရမ်းကောင်းပါတယ်။ ပြီးတော့ သူ့ရဲ့ဘောလုံးကိုင်ကစားပုံလည်း အရမ်းကောင်းပါတယ်။ ဒါပေမဲ့ အမှန်တော့ ကျွန်တော်တို့က အခုပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးမရရှိခဲ့ပါဘူး”လို့ ပြောပါတယ်။
လာမယ့်ကြာသပတေးနေ့၊ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်အတွက် ဘာ့ဂျ်ဗေး အဆင်သင့်ဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းကို ဖရန့်ခ်က “ ကျွန်တော်လည်း အဲ့ဒီလိုဖြစ်နေစေဖို့ မျှော်လင့်မိပါတယ်။ မနက်ဖြန်မှာတော့ သူ့ရဲ့အခြေအနေကို ကျွန်တော်တို့ အကဲဖြတ်သွားပါမယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။