ဩစတြေးလျနှင့်ပွဲက နှာခေါင်းရိုးကျိုးဒဏ်ရာကြောင့် ကွာတားဖိုင်နယ်ပွဲစဉ်တွေအထိ အနားယူရတော့မယ့် ပြင်သစ် အသင်းခေါင်ဆောင် အမ်ဘာပေ
ပြင်သစ်ရဲ့ သြစတြေးလျအား အနိုင်ရရှိခဲ့တဲ့ပွဲမှာ နှာခေါင်းရိုးကျိုးဒဏ်ရာ ရရှိခဲ့တဲ့ အမ်ဘာပေဟာ ယူရို ၂၀၂၄ ရဲ့ ကွာတားဖိုင်နယ်အထိ အနားယူရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
RTL France ရဲ့ဖော်ပြချက်အရ ပြင်သစ်အသင်းခေါင်းဆောင်ဟာ အနည်းဆုံး ၁၅ ရက်ကြာ အနားယူရဖွယ်ရှိတာကြောင့် အသင်းရဲ့ ယူရို ၂၀၂၄ ပွဲစဉ်များကို အနည်းဆုံး ကွာတားဖိုင်နယ်အဆင့်အထိ လွဲချော်ရဖွယ်ရှိနေပါတယ်။ အမ်ဘာပေဟာ အဖွင့်ပွဲစဉ်တွင် သြစတြေးလျရဲ့ လန်းစ်နောက်ခံလူ ကီဗင်ဒန်ဆိုနှင့် တိုက်မိပြီးနောက် ဒဏ်ရာ ရရှိသွားတာဖြစ်ပါတယ်။
ဒါကြောင့် ပွဲပြီးခါနီးတွင် အမ်ဘာပေကို ဂျီရော့ဒ်နှင့် လူစားထိုးခဲ့ရပါတယ်။ ထို့နောက် ကစားသမားအား ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ပြီး ဆေးစစ်မှုရလဒ်များအရ သူ့ရဲ့အခြေအနေဟာ အလွန်ဆိုးရွားခြင်းမရှိတာကြောင့် ခွဲစိတ်မှုကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ သို့သော်လည်း အမ်ဘာပေ ပြန်ကစားချိန်မှာတော့ မျက်နှာဖုံးကို အသုံးပြုရန် အကြံပြုထားပါတယ်။
နောက်ပိုင်းတွင် အသက် ၂၅ နှစ်အရွယ် ကစားသမားက ဆိုရှယ်မီဒီယာ၌ ဟာသဖြစ်စေမယ့်ပို့စ်တင်ကာ ကွင်းထဲမှာ ကစားတဲ့အခါ ဘယ်လိုမျက်နှာဖုံးအမျိုးအစားဝတ်ဆင်သင့်သလဲဆိုတာ ပရိသတ်များထံမှ အကြံပြုချက်တောင်းခဲ့ပါတယ်။ "မျက်နှာဖုံးအတွက် အကြံဥာဏ်များ ရှိပါသလား"လို့ သူက ရေးသားထားပါတယ်။
အမ်ဘာပေ မကစားနိုင်ခြင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံတွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ပြီးသောကြာနေ့တွင် ဒုတိယမြောက်ပွဲစဉ်အဖြစ် နယ်သာလန်နှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဇွန်လ ၂၅ ရက်နေ့ ပိုလန်နှင့်ပွဲအထိ အမ်ဘာပေက အနားယူရဖွယ်ရှိနေပါတယ်။