ပိုလန်ကို သရေကျခဲ့တဲ့ပွဲမှာ ဘာပေတစ်ယောက် မျက်နှာအကာအကွယ်ရဲ့ဒဏ်ကို ခံစားခဲ့ရကြောင်း ပြင်သစ်နည်းပြ ဝန်ခံပြောကြား
ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့်က ပိုလန်ကို ၁-၁ သရေကျခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး ဘာပေတစ်ယောက် မျက်နှာအကာအကွယ်ရဲ့ဒဏ်ကို ခံစားခဲ့ရကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
ဘာပေကတော့ သြစတြီးယားနဲ့ပွဲမှာ နှာခေါင်းရိုးကျိုးခဲ့တာဖြစ်ပြီး လီဝန်ဒေါစကီးရဲ့ ပင်နယ်တီကြောင့် ပိုလန်နဲ့ပွဲမှာ သရေကျခဲ့တာဖြစ်ပါတယ်။ အဆိုပါရလဒ်ကြောင့် ပြင်သစ်ဟာ သြစတြီးယားရဲ့နောက် အဆင့် ၂ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး နယ်သာလန်က အဆင့် ၃ နေရာနဲ့ ပြီးဆုံးခဲ့ပါတယ်။
ဘာပေပြန်လာတာက ပြင်သစ်အသင်းအတွက် သတင်းကောင်းဖြစ်သလို ယူရိုရယူနိုင်ဖို့ မျှော်လင့်ချက်လည်း အားကောင်းလာပေမယ့မယ့် နှာခေါင်းရိုးအကာအကွယ်နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။ အဆိုပါအကာအကွယ်ဟာ လီဝန်ဒေါစကီးလည်း ဝတ်ဆင်ခဲ့ရတာဖြစ်ပြီး ဒက်စ်ချမ့်က အင်္ဂါနေ့တုန်းက သူ့ရဲ့ကစားသမားဟာ အဆိုပါမျက်နှာစည်းရဲ့သက်ရောက်မှုကို ခံစားခဲ့ရကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
“သူ့ခြေထောက်ထဲမှာတော့ အဆင်ပြေနေပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ မျက်နှာစည်းနဲ့အသားကျအောင် လုပ်ဆောင်နေရပါတယ်။ ချွေးထွက်လာချိန်မှာ မျက်လုံးထဲဝင်တာတွေရှိသလို အဲ့တာကိုသုတ်ရတာတွေရှိပါတယ်။
ဒါပေမယ့် သူကအမြဲတမ်း ကစားချင်နေသလို ပွဲအပေါ်မှာလည်း အာရုံစိုက်ထားပါတယ်။ ကျွန်တော် စိတ်မပျက်ပါဘူး။ အားလုံးတော့ မဟုတ်ပေမယ့် ကျွန်တော်တို့ လုပ်ဆောင်ဖို့ လိုအပ်တာကို လုပ်နိုင်ခဲ့ပါတယ်။ အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့သလို ပွဲကိုလည်း ဦးဆောင်နိုင်ခဲ့ပါတယ်။ အဆုံးသတ်မတိုင်ခင်အထိ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်လိုချင်တာကိုဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ အသင်းက ခက်ခဲတဲ့အုပ်စုထဲမှာရောက်နေခဲ့တာပါ။ သြစတြီးယားနဲ့ပွဲမှာ အရေးနိမ့်ခဲ့ပြီး နယ်သာလန်နဲ့ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ဒုတိယနေရာနဲ့ ကျွန်တော်တို့ ထိုက်တန်ပါတယ်။ ၁၆ သင်းအဆင့်က ပြိုင်ပွဲအသစ်ပါ။ ကျွန်တော်တို့ တိုးတက်လာဖို့ လိုအပ်ပါတယ်။ ဂိုးတွေပိုသွင်းနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် ဂိုးသွင်းခွင့်နည်းလာရင်တော့ ကျွန်တော် ပိုစိုးရိမ်နိုင်ပါတယ်”လို့ ဒက်စ်ချမ့်က ပြောကြားခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ ယူရို ၂၀၁၂ တုန်းကလည်း အုပ်စုပထမနေရာမှာ မရပ်တည်နိုင်ခဲ့ပဲ ၅ ကြိမ်ဆက် အုပ်စုပထမနေရာမှာ ရပ်တည်နိုင်တဲ့စံချိန်ကျိုးပျက်ခဲ့ပါတယ်။ ဘာပေကတော့ အခုပြိုင်ပွဲတစ်လျှောက် မျက်နှာအကာအကွယ်ကို ဝတ်ဆင်သွားရဖွယ်ရှိနေပြီး ပြင်သစ်က ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ပြီဖြစ်တာကြောင့် ပိုခက်ခဲလာဖွယ်ရှိနေပါတယ်။
ပြင်သစ်အပြင် အိမ်ရှင် ဂျာမနီ ၊ စပိန်နဲ့ ရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းကလည်း ယူရိုမှာ ပုံစံကောင်းတွေပြသနေပါတယ်။