
ကစားသမားဘဝမှ အနားယူပြီးနောက် ကမ္ဘာ့နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာတဲ့ အိုဇေးလ်
အာဆင်နယ်ကြယ်ပွင့်ဟောင်း မီဆွတ်အိုဇေးလ်ဟာ ကစားသမားဘဝမှ အနားယူပြီးနောက်မှာတော့ ဘောလုံးလောကမှထွက်ခွာပြီး နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဂျာမနီလက်ရွေးစင်ဟောင်းဟာ အန်ကာရာမှာပြုလုပ်ခဲ့တဲ့ ညီလာခံအစည်းအဝေးမှာ တူရကီနိုင်ငံ အေကေပါတီဗဟိုကောင်စီရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ အိုဇေးလ်ကို အမ်ကေဝိုင်ကေလို့အမည်ရတဲ့ ဗဟိုဆုံးဖြတ်ချက် ချမှတ်ရေးဘုတ်အဖွဲ့က အခြားအဖွဲ့ဝင် ၃၈ ဦးနဲ့အတူ ရွေးကောက်ခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာ ဘောလုံးလောကမှအနားယူခဲ့တဲ့ အိုဇေးလ်ဟာ တူရကီကလပ် အင်စ္စတန်ဘူဘာဆက်ဆီဟာမှာကစားစဉ်က လက်ရှိတူရကီသမ္မတ ရီဆက်ပ်တေးရစ်ပ်အာဒိုဂန်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ပါတယ်။ ထိုစဉ်က ဂျာမန်သားဟာ အာဒိုဂန်ကို ထောက်ခံအားပေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
အာဒိုဂန်ရဲ့ ညီလာခံအစည်းအဝေးကို နိုင်ငံပေါင်း ၁၃ နိုင်ငံမှ နိုင်ငံရေးပါတီ ၁၆ ခုရဲ့ ကိုယ်စားလှယ် ၃၁ ဦးအပါအဝင် စုစုပေါင်း လူသောင်းချီတက်ရောက်ခဲ့ကြပါတယ်။ အာဒိုဂန်နဲ့ ရင်းနှီးတဲ့မိတ်ဆွေဖြစ်ခဲ့တဲ့ အိုဇေးလ်ဟာ ၂၀၁၉ ခုနှစ်က သူ့ရဲ့မင်္ဂလာပွဲမှာ အာဒိုဂန်ကို သူ့ရဲ့သတို့သားအရန်အဖြစ်လည်း ရွေးချယ်ခဲ့ဖူးပါတယ်။ အာဒိုဂန်နဲ့ မရင်းနှီးခင်မှာတော့ ဂျာမန်နိုင်ငံသားဖြစ်တဲ့ အိုဇေးလ်ဟာ နိုင်ငံအသင်းဖော် အီကေးဂန်ဒိုဂန်နဲ့ နိုင်ငံရေးတုံ့ပြန်မှုတွေနဲ့သက်ဆိုင်တဲ့ ဓာတ်ပုံတစ်ပုံကို မျှဝေခဲ့တာကြောင့် အငြင်းပွားမှုအနည်းငယ်ဖြစ်ပွားခဲ့ပါသေးတယ်။
သို့သော်လည်း ဂျာမနီအသင်းမှာ အနားယူပြီးနောက်မှာ အိုဇေးလ်က "ကျွန်တော်တို့အသင်းကနိုင်နေရင် ကျွန်တော်က ဂျာမနီလူမျိုးဖြစ်ပြီး အသင်းရှုံးနေရင်တော့ ရွှေ့ပြောင်းနိုင်ငံသားတစ်ဦးပါပဲ" လို့ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ခွဲခြားမှုအပေါ် တုံ့ပြန်ခဲ့ဖူးပါတယ်။ တတိယမျိုးဆက်ဖြစ်တဲ့ အိုဇေးလ်ဟာ တူရကီဂျာမနီကပြားတစ်ဦးဖြစ်ပြီး ၂၀၁၄ မှာ ကမ္ဘာ့ဖလားရခဲ့တဲ့ ဂျာမနီအသင်းအတွက် ပါဝင်ကစားပေးခဲ့ပါတယ်။ ဂန္ထဝင်ကွင်းလယ်လူဟာ ဂျာမနီအသင်းအတွက် စုစုပေါင်း ၉၂ ပွဲအထိကစားပေးခဲ့ပြီး ပရိသတ်တွေပေးအပ်တဲ့ နိုင်ငံ့အကောင်းဆုံကစားသမားဆုကိုလည်း ရရှိထားသူဖြစ်ပါတယ်။
ယခုအခါမှာတော့ အာဒိုဂန်ရဲ့ဦးဆောင်မှုနဲ့အတူ အိုဇေးလ်ဟာ တူရကီနိုင်ငံရေးလောကထဲသို့ အသွင်သစ်နဲ့ ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ကလပ်ကစားသမားဘဝမှာလည်း အိုဇေးလ်ဟာ ဝါဒါဘရီမင်၊ ရီးရဲလ်မက်ဒရစ်၊ အာဆင်နယ်တို့နဲ့အတူ ဆုဖလားတွေဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘောလုံးလောကမှအနားယူပြီးနောက် ပြီးခဲ့တဲ့စက်တင်ဘာလမှာတော့ အိုဇေးလ်ရဲ့အသွင်အပြင်ကို ဘောလုံးကွင်းထဲက ပုံစံနဲ့ မတူညီဘဲ ကွဲပြားခြားနားစွာတွေ့ခဲ့ရပါတယ်။ခန္ဓာကိုယ်အချိုးအစား သိသိသာသာပြောင်းလဲတိုးတက်လာတဲ့အိုဇေးလ်ကို ထိုစဉ်က ဘောလုံးပရိသတ်တွေက "နပမ်းပြိုင်ပွဲဝင်ဖို့လား" "အတော်တောင့်တဲ့ သားရဲကြီး" စသဖြင့် မှတ်ချက်တွေပေးထားခဲ့ကြပါတယ်။