The network connection is lost.

Banner Image

လာမယ့်နွေရာသီမှာ လီဗာပူးအသင်း မဖြစ်မနေအားဖြည့်ရမယ့်နေရာတွေကို ထုတ်ဖော်ပြောပြခဲ့တဲ့ ကာရေဂါ

လီဗာပူးအသင်းမှာ နည်းပြအန်းစလော့ စိတ်တိုင်းမကျတဲ့ကစားသမား အနည်းဆုံးလေးဦးအထိ ရှိတယ်လို့ ကာရေဂါက ယုံကြည်နေပြီး မဖြစ်မနေအားဖြည့်သွားရမယ့်ဧရိယာ သုံးခုအထိ ရှိတယ်လို့ ထောက်ပြခဲ့ပါတယ်။ လီဗာပူးဂန္တဝင်ကာရေဂါက အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုကို သူ့ရဲ့ကလပ်အသင်းဟောင်း ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပေမယ့် လာမယ့်ဘောလုံးရာသီအတွက် ဘယ်အစွန်နောက်ခံလူတစ်ဦး၊ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦးတို့ကို အားဖြည့်သွားဖို့ လိုအပ်တယ်လို့ ယူဆနေပါတယ်။ ဒါ့အပြင် သူက လက်ရှိအသင်းမှာ နည်းပြအန်းစလော့စိတ်တိုင်းမကျတဲ့ ကစားသမားအချို့ ရှိနေတယ်လို့ သုံးသပ်ခဲ့ပါတယ်။

ကာရေဂါက “ကျွန်တော်ပြောမယ့်အရာက လီဗာပူးအတွက်ဆိုရင် စိတ်လှုပ်ရှားစရာတစ်ခုပါ။ တကယ်တော့ အန်းစလော့က ဘယ်ကစားသမားသစ်ကိုမှ မခေါ်ယူထားပါဘူး။ ကလပ်အသင်းဘက်ကတော့ မိုဆာလက်သာ ဒဏ်ရာရရှိသွားမယ်ဆိုရင် အရန်သင့်ရှိနေဖို့ ချီယေဆာကို ဝယ်ယူခဲ့ပါတယ်။ ဒီအသင်းလူစာရင်းက နောက်ရာသီမှာ ပိုကောင်းလာလိမ့်မယ်ဆိုတာ အန်းစလော့ကိုယ်တိုင် သိရှိထားပါလိမ့်မယ်။ သူက အသင်းမှာရှိတဲ့ ကစားသမား ၁၄ ဦး၊ ၁၅ ဦးလောက်ပဲ အသုံးပြုခဲ့ပါတယ်။ အသင်းလူစာရင်းမှာ အန်းစလော့စိတ်တိုင်းမကျတဲ့ကစားသမား လေးငါးယောက်လောက် ရှိကောင်းရှိနိုင်ပါတယ်။ ကျွန်တော် ဝေဖန်တာမဟုတ်ပါဘူး။ ဒါပေမယ့် အသင်းအတွက် လိုအပ်နေတဲ့အရာကို သူလည်း ကျွန်တော့်လိုပဲ သိထားလိမ့်မယ်လို့ ယူဆမိပါတယ်။ ဒီအသင်းက အခုလိုပဲရှေ့ဆက်နေပြီး ပရီးမီးယားလိဂ်ဆုဖလား ဆွတ်ခူးနိုင်ချိန်မှာပင် အသင်းအတွက်တိုးတက်သွားဖို့လိုအပ်နိုင်တဲ့နေရာ သုံးလေးနေရာလောက်ရှိမယ်လို့ ကျွန်တော် ယူဆမိပါတယ်။ လီဗာပူးအသင်းဘက်က ဘယ်နောက်ခံလူနေရာ၊ ကွင်းလယ်တိုက်စစ်နေရာ၊ ဗဟိုတိုက်စစ်မှူးနေရာတွေမှာ အင်အားဖြည့်တင်းသွားမယ်လို့ ယူဆမိပါတယ်။ လီဗာပူးအသင်းမှာ ငွေကြေးသုံးစွဲရေးစိတ်ကူးရှိနိုင်လို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်”လို့ Sky Sports သတင်းဌာနဆီ ပြောပါတယ်။

ပြီးခဲ့တဲ့နွေရာသီ၊ လီဗာပူးအသင်းအတွက် ယာဂန်ကလော့ပ်ရဲ့နေရာ အစားထိုးဝင်ရောက်လာပြီးနောက် အန်းစလော့က တကယ့်ကိုပြောင်မြောက်လှတဲ့အလုပ်တစ်ခုကို လုပ်ပြထားပါတယ်။ သူတို့တွေက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၁၁ မှတ်ဖြတ် ဦးဆောင်နေသလို ကာရာဘောင်ဖလားပြိုင်ပွဲမှာလည်း ဖိုင်နယ်အဆင့်အထိ တက်ရောက်ထားနိုင်ပြီး ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့်ကိုလည်း ဆက်လက်ဆင်နွှဲသွားရပါမယ်။ ပြီးတော့ အခုဘောလုံးရာသီအတွက် မည်ကာမတ္တအဖြစ် ချီယေဆာတစ်ဦးတည်းကိုသာ ခေါ်ယူထားတဲ့ လီဗာပူးအတွက် အခုလိုလုပ်ပြနိုင်နေမှုက အတော်လေးကြီးမားတဲ့အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။

လီဗာပူးအသင်းက လာမယ့်ဗုဒ္ဓဟူးနေ့၊ အန်ဖီးလ်မှာ နယူးကာဆယ်ကို ဧည့်ခံကစားသွားမှာဖြစ်ပြီး အမှတ်ပေးဇယားဦးဆောင်သူနေရာကို ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။