ရော်နယ်ဒိုနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ယူရို ၂၀၂၄ ချန်ပီယံဆုနဲ့ ပတ်သက်ပြီး ဖာဂူဆန် ဟောကိန်းထုတ်
ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က ရော်နယ်ဒိုပါဝင်နေတဲ့ ယူရို ၂၀၂၄ ဟာ ပေါ်တူဂီအတွက် သူ့ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
ပေါ်တူဂီဟာ အခုလာမယ့်သောကြာနေ့မှာ ပြင်သစ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ၁၆ သင်းအဆင့်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ဆလိုဗေးနီးယားကို ကျော်ဖြတ်လာခဲ့ရတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ အုပ်စုအဆင့်ပွဲတွေမှာ ဂိုးတစ်ဂိုးမှ မသွင်းနိုင်သေးပဲ ဆလိုဗေးနီးယားနဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တာကြောင့် မျက်ရည်ပါကျခဲ့ရပါတယ်။
အသက် ၃၉ နှစ်သားဟာ လက်ရှိဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ ကစားနေတာဖြစ်ပြီး အခုပြိုင်ပွဲက ပေါ်တူဂီအသင်းနဲ့အတူ သူ့ရဲ့နောက်ဆုံး ယူရိုပြိုင်ပွဲဖြစ်တယ်လို့ ပြောကြားထားခဲ့ပါတယ်။ ရော်နယ်ဒိုကို ၆ နှစ်ကြာနည်းပြခဲ့တဲ့ ဖာဂူဆန်က တပည့်ဟောင်းဖြစ်သူအနေနဲ့ လာမယ့်ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်တော့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် စိတ်ကူးယဉ်လို့တောင်မရပါဘူး။ ဘောလုံးက ပိုမြန်လာသလို လာမယ့်နှစ်တွေမှာလည်း ပိုအားကစားဆန်လာနိုင်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးတွေအတွက် နေရာလွတ်တွေကလည်း ကျဉ်းမြောင်းလာပါပြီ။ ခံစစ်မှူးတွေက တိုက်စစ်မှူးတွေကို ပိုခက်ခဲအောင်လုပ်လာနိုင်သလို သက်ကြီးပိုင်းတွေအတွက် ကစားရခက်ခဲလာပါပြီ။ သူ့အတွက်တော့ ဆုဖလားနောက်တစ်လုံး ဒါမှမဟုတ် ၂ လုံးလောက်ထပ်ရရင် ပိုကောင်းပါတယ်။ အခုလည်း သူ့မှာ အရမ်းကောင်းတဲ့ကစားသမားဘဝရှိနေပါတယ်။ ဆုဖလား ထပ်ရရင်တော့ သူ့အတွက် ပိုကောင်းတဲ့ကစားသမားဘဝဖြစ်စေမှာမလို့ပါ”လို့ ဖာဂူဆန်က ပြောကြားခဲ့ပါတယ်။
ဆလိုဗေးနီးယားကို ပင်နယ်တီနဲ့ အနိုင်ရပြီးနောက် ရော်နယ်ဒိုက “ဒီယူရိုက ကျွန်တော့်အတွက်နောက်ဆုံးပါ။ ဒါပေမယ့် ကျွန်တော်ဆက်ကစားနိုင်သမျှတော့ ဆက်ကစားနေမှာပါ။ ပွဲအတွက် စိတ်အားထက်သန်နေတုန်းပါပဲ။ ပရိသတ်တွေ ၊ မိသားစုတွေရဲ့စိတ်လှုပ်ရှားမှုကို မြင်နေရဆဲပါ။ လူတွေကို ပျော်အောင်လုပ်ပေးနေတာက ကျွန်တော့်အတွက် ခွန်အားဖြစ်စေပါတယ်”လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။