
ဘာစီလိုနာကြယ်ပွင့်ကို ချီးကျူးပြီး နူးကမ့်တွင် ခေါင်းဆောင်ဖြစ်လာစေရန် ကူညီမယ်လို့ ပြောကြားလိုက်တဲ့ ဟန်ဆီ ဖလစ်
ဘာစီလိုနာ နည်းပြချုပ် ဟန်ဆီ ဖလစ်က ကွင်းလယ်လူ ပက်ဒရီ ရဲ့ ၂၀၂၄-၂၅ လာလီဂါ ရာသီအတွင်း ဩဇာလွှမ်းမိုးမှုကို ချီးကျူးပြောကြားခဲ့သည်။ Barca One နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဂျာမန်နည်းပြက ကြယ်ပွင့်တောင်ပံကစားသမား ရာဖင်ဟာ ရဲ့ "အသင်းရဲ့ နှလုံးသား" လို့ ပက်ဒရီကို ဖော်ပြခဲ့သော စကားလုံးများကို ထပ်ဆင့်အတည်ပြုခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ပက်ဒရီဟာ ဘာစီလိုနာရဲ့ ပြည်တွင်းဖလားသုံးလုံး ရရှိမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ၅၉ ပွဲတွင် ၆ ဂိုးသွင်းယူကာ ၈ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဇွန်လ ၂၀၃၀ ခုနှစ် အထိ ဘာစီလိုနာနှင့် စာချုပ်ချုပ်ဆိုထားတဲ့ ပက်ဒရီက ယခုရာသီတွင် အသင်းရဲ့ ကွင်းလယ်တွင် အဓိကကစားသမားအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာများ ရှိခဲ့သော်လည်း ၂၀၂၄-၂၅ ဘောလုံးရာသီတစ်လျှောက်လုံးတွင် ကြံ့ခိုင်မှု ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ သူဟာ ကလပ်ရဲ့ လာလီဂါပွဲစဉ်များ၏ ၉၂% ကို ပွဲထွက်ကစားခဲ့ပြီး လာလီဂါတွင် ၂၈၉၅ မိနစ် ကစားခဲ့ပါတယ်။ လမိုင်းယာမဲလ် နှင့် ရာဖင်ဟာ တို့က ဂိုးအများစုကို သွင်းယူခဲ့ကြသော်လည်း ပွဲကို ထိန်းချုပ်ကာ ကစားကွက်ကို ချုပ်ကိုင်ခဲ့သူမှာ ပက်ဒရီပင်ဖြစ်ပါတယ်။
ဖလစ်က Barca One မှတစ်ဆင့် ပြောကြားရာတွင် "ရာဖင်ဟာက ပက်ဒရီဟာ အသင်းရဲ့ နှလုံးသားလို့ ပြောတာလား။ ဟုတ်ပါတယ်၊ အဲဒါပဲ။ ပက်ဒရီက ထူးခြားပါတယ်။ သူ ဘောလုံးထိလိုက်တာနဲ့ တကယ့်ကို မှော်ဆန်မှုကို တွေ့ရပါလိမ့်မယ်။ သူက ပိုကောင်းလာနေတယ်၊ အဆက်မပြတ် တိုးတက်နေတယ်။ ဗလင်စီယာ နဲ့ ပွဲတုန်းက ဒုတိယပိုင်းမှာ သူ့ကို ထည့်သွင်းလိုက်တော့ ပွဲတစ်ခုလုံးကို သူ လုံးဝ ပြောင်းလဲပစ်လိုက်တာကို ကျွန်တော် မှတ်မိနေပါတယ်"
"ပက်ဒရီက အသက် ၂၂ နှစ်ပဲ ရှိသေးပေမယ့် လာမယ့်နှစ်တွေမှာ ခေါင်းဆောင်တစ်ဦး ဖြစ်ဖို့ လုံလောက်တဲ့ အရည်အချင်းတွေ သူ့မှာ ရှိပါတယ်။ သူ အဲဒီခေါင်းဆောင်ဖြစ်လာအောင် ကူညီဖို့ ကျွန်တော် အစွမ်းကုန် လုပ်ဆောင်သွားမှာပါ။ ဘာလို့လဲဆိုတော့ သူ့မှာ လိုအပ်တဲ့ အရည်အချင်းတွေ အကုန်ရှိနေပါတယ်"
စပိန်လက်ရွေးစင် ပက်ဒရီက ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ပြင်သစ် နှင့် ဆီမီးဖိုင်နယ် ကစားရမည့် ယူအီးအက်ဖ်အေ နေရှင်းလိဂ် တွင် နိုင်ငံအသင်းအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်မည်ဟု မျှော်လင့်ရပါတယ်။ ပြိုင်ပွဲအပြီးတွင် သူဟာ ဟန်ဆီ ဖလစ်ရဲ့ ဦးဆောင်မှုအောက်တွင် ဘာစီလိုနာသို့ ပြန်လာမည်ဖြစ်ပြီး ကလပ်ဟာ ၂၀၂၅-၂၆ ရာသီအတွက် ပြင်ဆင်ကာ လာလီဂါဖလားကို ကာကွယ်ရန်နှင့် ချန်ပီယံလိဂ် တွင် ပိုမိုအားကောင်းသည့် တွန်းအားပေးမှုများ ပြုလုပ်ရန် ရည်ရွယ်ထားပါတယ်။