
ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ရောက်ပြီးနောက် ပရီးမီးယားလိဂ်မှာ အခက်အခဲနှင့် ရင်ဆိုင်နေရတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သော်လည်း ပရီးမီးယားလိဂ်ကတော့ ချဲလ်ဆီးရဲ့ ရာသီသစ် အဖွင့်ပွဲစဉ်ကို ရွှေ့ဆိုင်းပေးမှာ မဟုတ်ပါဘူး။ ချဲလ်ဆီးဟာ ဇူလိုင် ၁၃ ရက် တနင်္ဂနွေနေ့တွင် နယူးယောက်၌ ပီအက်စ်ဂျီ နှင့် ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားပြီးနောက် ၃၄ ရက်အကြာ သြဂုတ် ၁၇ ရက် တနင်္ဂနွေနေ့တွင် စတမ်းဖို့ဒ်ဘရစ်ခ်ျ၌ ခရစ္စတယ်ပဲလေ့စ် နှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ထိုကဲ့သို့တိုတောင်းတဲ့ အချိန်ကွာဟချက်က အန်ဇို မာရက်စ်ကာ အတွက် ကြီးမားတဲ့ ခေါင်းကိုက်စရာ ဖြစ်စေခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ရာသီသစ်မစမီ ရာသီကြိုပြင်ဆင်မှုများအတွက် အနားယူချိန် အနည်းငယ်သာ ရရှိမှာဖြစ်ကာ ကစားသမားများတွေဟာ စာချုပ်ပါ သဘောတူညီချက်များအရ သုံးပတ် အနားယူရန် ရှိနေပြီး ချဲလ်ဆီးမှာ ခက်ခဲတဲ့ ပွဲစဉ်ဇယားနှင့် ရင်ဆိုင်နေရပါတယ်။
ချဲလ်ဆီးက ပရီးမီးယားလိဂ်အား ရာသီသစ် စတင်ခြင်းကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့တယ်လို့ ယူဆရသော်လည်း ပြိုင်ပွဲမစမီကပင် ယင်းတောင်းဆိုမှုကို ပယ်ချခြင်းခံခဲ့ရပြီး ပြောင်းလဲမှာလည်း မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်နှင့် အခြားဥရောပလိဂ်ကြီးများက တိုးချဲ့ထားတဲ့ ဖီဖာပြိုင်ပွဲပြက္ခဒိန်တွင် ကလပ်ကမ္ဘာ့ဖလား ပွဲစဉ်ဇယားချထားမှုကို မကျေနပ်ကြဘဲ မန်စီးတီး သို့မဟုတ် ချဲလ်ဆီး ဗိုလ်လုပွဲရောက်ရှိပါက ပြဿနာများ ဖြစ်ပေါ်လာမှာကို သိရှိထားခဲ့ပြီး ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှုဆောင်အရာရှိချုပ် ရစ်ချတ် မာစတာစ်က ဇန်နဝါရီလတွင် "မန်စီးတီး ဒါမှမဟုတ် ချဲလ်ဆီး နှစ်သင်းထဲက တစ်သင်းက ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ရောက်သွားရင် ပရီးမီးယားလိဂ်က လေးပတ်နောက်ကျပြီးမှ စတော့မယ် ကစားသမားအားလုံးကလည်း စာချုပ်ပါ သဘောတူညီချက်အရ သုံးပတ် အနားယူရမှာပါ"
"ဒါဆို ဘယ်လို ဖြစ်လာမလဲ။ တော်တော်လေး ခက်ခဲလိမ့်မယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ လိဂ်တွေနဲ့ ကစားသမားသမဂ္ဂတွေက ဒီပြိုင်ပွဲတွေကို ဘယ်လို ပုံဖော်မလဲဆိုတဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်မယ်ဆိုရင် ပိုကောင်းတဲ့ ရလဒ်တွေ ရလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ အဲဒါကို ကျွန်တော်တို့ တောင်းဆိုနေတာပါ" လို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့လက ကလပ်ကမ္ဘာ့ဖလားဟာ သူတို့ရဲ့ ရာသီအတွက် "ဘေးအန္တရာယ်" ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ဇွန် ၃၀ ရက်က အယ်လ်ဟီလာ ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတာကြောင့် ချဲလ်ဆီးထက် နှစ်ပတ် ပိုမိုအနားရရှိမှာ ဖြစ်ပါတယ်။