The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ဘက်သစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်သွားရမယ်လို့ ဆိုလိုက်တဲ့ ရူဘင်ဒီယက်စ်

မန်စီးတီးအသင်းက လာမယ့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စုအဆင့်မှာ မကြာခဏရင်ဆိုင်နေကျ ဂျူဗင်တပ်စ်နဲ့ မတွေ့ဆုံမီ မိုရိုကိုကလပ်အသင်း ဝိုင်ဒက်အေစီ၊ ယူအေအီးအခြေစိုက် အယ်လ်အိန်းတို့နဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။ 

တိုက်ကြီးခြောက်ခုမှ ပြိုင်ပွဲဝင်ကလပ်အသင်းတွေနဲ့အတူ အမေရိကန်မြေမှာ ဇူလိုင် ၁၃ ရက်အထိ ကျင်းပမယ့် အသွင်သစ်ပြိုင်ပွဲရဲ့ဗိုလ်လုပွဲအဆင့်အထိ တက်လှမ်းနိုင်ဖို့ဆိုရင် မန်စီးတီးအနေဖြင့် ပြိုင်ဘက်အသစ်တွေနဲ့ ရင်ဆိုင်သွားရပါလိမ့်မယ်။ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတွေရင်ဆိုင်ရမယ့် ပြိုင်ပွဲဖြစ်တာနဲ့အညီ ရူဘင်ဒီယက်စ်ကတော့ အမေရိကန်ပရိသတ်တွေရှေ့မှောက် ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေရဲ့အလားအလာနဲ့ပတ်သက်လို့ စိတ်လှုပ်ရှားနေပါတယ်။

FIFA နဲ့မေးမြန်းခန်းအစီအစဉ်တစ်ခုမှာ ရူဘင်ဒီယက်စ်က “ ရာသီကြိုကာလတွေမှာ အမေရိကန်မြေဆီ ကျွန်တော်တို့တွေ ရောက်ရှိဖူးပြီး နွေးထွေးမှု ကို ခံစားရပါတယ်။ ကျွန်တော်တို့ယှဉ်ပြိုင်ကစားတာကို တိုက်ရိုက်ကြည့်ရှုဖို့ အခွင့်အလမ်းမသာတဲ့ ပရိသတ်တွေရှေ့မှောက် ယှဉ်ပြိုင်ကစားရမှာဖြစ်လို့ အမြဲတမ်းလိုလို ထူးခြားတဲ့အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ ဒါက ဂုဏ်သိက္ခာရှိတဲ့ ပြိုင်ပွဲသစ်တစ်ခုပါ။

အမှန်ပါပဲ၊ ပါဝင်ယှဉ်ပြိုင်ကြတဲ့ကလပ်အသင်းတိုင်းကလည်း ပြိုင်ပွဲကို တက်နိုင်သမျှ ကြီးမားကျယ်ပြန့်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်လာအောင် လုပ်သွားပါလိမ့်မယ်။ မတူညီတဲ့နည်းလမ်းတွေနဲ့ ပွဲစဉ်တွေအပေါ် ရှုမြင်လေ့ရှိတဲ့၊ မတူညီတဲ့တိုက်ကြီးတွေမှရောက်ရှိလာတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ မတူညီတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။

ဒါကို လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်စွမ်းရှိ၊မရှိဆိုတာက အောင်မြင်မှုရဲ့ကြီးမားတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ နိုင်ငံ့အသင်းအတွက် ကစားပေးချိန်မျိုးမှာ အခုလိုအရသာမျိုးကို ခံစားမိတယ်ဆိုပေမယ့် တစ်နှစ်ပတ်လုံး ကိုယ်မပါဝင်ခဲ့ရတဲ့ သီခြားနေရာတစ်ခုဖြစ်နေတာကြောင့် ဒါက ကွဲပြားခြားနားပါလိမ့်မယ်။ ပြိုင်ပွဲက အတော်လေးစိတ်ဝင်စားစရာကောင်းပြီး လူတိုင်းလည်း အနိုင်ရရှိချင်ပါလိမ့်မယ်” လို့ ပြောပါတယ်။