ပြိုင်ဘက်တွေက မန်စီးတီးအသင်းဆို မကြောက်ကြတော့ဘူးလို့ ပြောဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ
မန်စီးတီးအသင်းရဲ့ ပြိုင်ဘက်အပေါ်လွှမ်းမိုးနိုင်စွမ်း ကျဆင်းလာမှုကြောင့် ပြိုင်ဘက်အသင်းတိုင်းက နည်းဗျူဟာပိုင်းတွေ ပြောင်းလဲလာခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့အသင်း ပိုမိုအခက်တွေ့နေရတယ်လို့ နည်းပြပက်ဂွာဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကြိုရှုံးထွက်အဆင့်ကစားနိုင်မယ့်နေရာနဲ့ နှစ်မှတ်အကွာ၊ အဆင့်-၂၅ မှာ ရပ်တည်နေပြီး ပက်ဂွါဒီယိုလာကတော့ ပြိုင်ဘက်တွေရဲ့ တစ်ဦးချင်းလူကပ်ကစားဟန်အဆင့်အတန်း မြင့်မားလာမှုကို သတိပြုမိနေခဲ့ပါတယ်။
သောကြာနေ့၊ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပက်ဂွါဒီယိုလာက “အီတီဟတ်ဆီ ရောက်ရှိလာတဲ့အသင်းတိုင်း ခံစစ်အထိုင်ချကစားခဲ့ပါတယ်။ တစ်ဦးချင်းလူကပ်ကစားပုံကို ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ ပထမဆုံးအသင်းကတော့ နေးလ်ဝါနော့ရဲ့ကာဒစ်ဖ်အသင်းပါ။ အခုအချိန်မှာတော့ အသင်းတိုင်း အဲ့ဒီလိုမျိုး ကစားနေပါပြီ။ ဒီကွင်းဆီရောက်ရှိလာတဲ့ပြိုင်ဘက်တိုင်း ဘာကိစ္စမှမရှိလည်းပဲ တစ်ဦးချင်းလူကပ်ကစားကြပါတယ်။ သူတို့တွေက အီဒါဆန်(သို့မဟုတ်)အော်တေဂါကို ဦးတည်တိုက်ခိုက်ကြပါတယ်။ ဒီကစားဟန်နဲ့ အသားကျဖို့လိုအပ်သလို ဘောလုံးပိုင်ဆိုင်ထားချိန်မှာလည်း အကောင်းဆုံးလုပ်ဆောင်သွားနိုင်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အရည်အချင်းမပြည့်မီတော့ပါဘူး”လို့ ပြောပါတယ်။
ဆက်လက်ပြီး စပိန်သားနည်းပြက ပြင်သစ်မြေမှာ ပီအက်စ်ဂျီကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ရုပ်ပိုင်းဆိုင်ရာထက် ဘောလုံးကို ဘယ်လိုပုံစံမျိုးနဲ့အကျိုးရှိရှိအသုံးချသွားမလဲဆိုတဲ့ကိစ္စတွေမှာ သူတို့အသင်း ပြဿနာတွေ အများကြီးကြုံခဲ့ရတယ်လို့ ရှင်းပြပါတယ်။
သူက “အမြန်နှုန်းလည်း အရေးကြီးပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာ ကျွန်တော်တို့တွေ အရင်ထက်ပိုပြီး ပြေးလွှားကစားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ပြဿနာက ဘောလုံးနဲ့အတူ ဘယ်လိုလုပ်သွားမလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါက အခုရာသီ၊ ကျွန်တော်တို့အသင်းမှာ ချို့ယွင်းနေတဲ့ အပိုင်းပါပဲ။
ဘောလုံးရရှိထားချိန် ကိုယ့်ရဲ့အသင်းဖော်ဆီ ဘောလုံးရောက်အောင် မပေးပို့နိုင်ဘူးဆိုရင် အရာရာတိုင်း ခက်ခဲသွားပါလိမ့်မယ်”လို့ ပြောပါတယ်။
မန်စီးတီးအသင်းက အခုဆောင်းရာသီအပြောင်းအရွှေ့မှာပဲ အသက်-၁၉ နှစ်အရွယ် ဘရာဇီးနောက်ခံလူ ဗီတာရီးစ်၊ ဥဇဘက်ကစ္စတန်နောက်ခံလူခူဆာနော့ဗ်နဲ့ ဖရန့်ဖတ်ရဲ့အီဂျစ်တိုက်စစ်မှူးအိုမာမာမွတ်တို့ကို အပြီးသတ်ခေါ်ယူထားပါတယ်။ မန်စီးတီးအသင်းရဲ့လတ်တလောပုံစံကောင်းပျောက်ဆုံးနေမှုကြောင့် နောက်ဆုံးကစားခဲ့တဲ့ ၁၃ ပွဲမှာ တစ်ပွဲသာအနိုင်ရရှိခဲ့ပြီး ပက်ဂွါဒီယိုလာကိုယ်တိုင်လည်း ရိုဒရီလို အဓိကကစားသမားဆုံးရှုံးထားမှုနဲ့အတူ ခံစစ်ပိုင်းအားနည်းချက်တွေ ရှိနေချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲနောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်မယ်ဆိုရင် ဆုဖလားအောင်ပွဲတစ်ခုရရှိသလိုပဲလို့ ယုံကြည်နေပါတယ်။
အလားတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း သူတို့အသင်းက အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးနဲ့ ၁၂ မှတ်အကွာ၊ ပဉ္စမနေရာမှာ ရပ်တည်နေပြီး အခုညပိုင်းမှာတော့ အမှတ်ပေးဇယားအနီးဆုံးပြိုင်ဘက်ချဲလ်ဆီးကို ဧည့်ခံကစားသွားနိုင်ဖို့ ပြင်ဆင်နေပါတယ်။