
ချန်ပီယံလိဂ်ဖိုင်နယ်မှာ သွေးကြောင်နေခဲ့တဲ့ အင်တာမီလန်လို့ ဝန်ခံလိုက်တဲ့ ယန်းဆွန်းမား
ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွင်း အင်တာမီလန်အသင်းမှာ သတ္တိအပြည့်မရှိနေခဲ့ဘူးလို့ ယန်းဆွန်းမားက Sky Sport Italia နဲ့တွေ့ဆုံစဉ် ဝန်ခံပြောဆိုခဲ့ပါတယ်။ အင်တာမီလန်က ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရုံသာမက အံ့အားသင့်စရာအဖြစ် ပေးဂိုးငါးဂိုးအထိ ခွင့်ပြုခဲ့ရပါတယ်။
အခြားတဖက်မှာလည်း သူတို့တွေက ပြိုင်ဘက်ရဲ့ဂိုးပေါက်ဆီ ခြိမ်းခြောက်နိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီက ကြံ့ခိုင်မှုအပိုင်းမှာရော၊ နည်းစနစ်ပိုင်းမှာပါ အင်တာမီလန်ထက် အပြတ်အသတ်အသာစီးရရှိခဲ့ပါတယ်။ဆီမြွန်နီအင်ဇာဂီရဲ့အသင်းက အခုပွဲစဉ်မှာ သူတို့တွေရဲ့စိတ်ပိုင်း၊ ရုပ်ပိုင်းပင်ပန်းနွမ်းလျမှုတွေကို ပြသသွားခဲ့ပြီး ပွဲပြီးရလဒ်ပိုင်းကလည်း ဥရောပဘောလုံးလောကရဲ့အကြီးမားဆုံးစင်မြင့်ထက် အရှက်တကွဲအကျိုးနည်းစရာ ဖြစ်ခဲ့ပါတယ်။
ဗိုလ်လုပွဲအပြီး အင်တာမီလန်ဂိုးသမားယန်းဆွန်းမားက “ ပီအက်စ်ဂျီက အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်။ သူတို့တွေက ပွဲကောင်းတစ်ခုကို ကစားခဲ့တာပါ။ကျွန်တော်တို့မှာတော့ သတ္တိမရှိခဲ့ပါဘူး။ ပွဲစလာကတည်းက ကျွန်တော်တို့က ပြိုင်ဘက်အတွက် နေရာလွတ်တွေ အများကြီးခွင့်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် အတော်လေးခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်လာပါတယ်။ ကျွန်တော်တို့တွေ အကောင်းဆုံးမလုပ်နိုင်ခဲ့ပါဘူး”လို့ ပြောပါတယ်။
အခုလိုဗိုလ်လုပွဲအဆင့်မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပေမယ့် အင်တာမီလန်အတွက် အရမ်းဆိုးရွားတဲ့ ဘောလုံးရာသီလို့ မသတ်မှတ်နိုင်ဘူးလို့ ယန်းဆွန်းမားက သူ့ရဲ့အမြင်ကို ထုတ်ဖော်လာခဲ့ပါတယ်။ ဆွစ်ဇာလန်ဂိုးသမားက “ စိတ်ပျက်မိတာတော့ အမှန်ပဲ။ ဒါပေမယ့် ကောင်းမွန်တဲ့ချန်ပီယံလိဂ်ခရီးစဉ်တစ်ခု ဖြစ်ခဲ့လို့ ဒီအသင်းအတွက် ဂုဏ်ယူမိပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ငါးဂိုးပြတ်ရှုံးနိမ့်တယ်ဆိုတာကတော့ အတော်လေးများပါတယ်။ ဒါပေမယ့် ဒီအသင်းအတွက် ကျွန်တော်ကတော့ ဂုဏ်ယူနေတုန်းပါပဲ”လို့ ပြောပါတယ်။