The network connection is lost.
၁၀ မှတ်လျှော့ပြစ်ဒဏ်အတွက် အဲဗာတန်အသင်းရဲ့ အယူခံအောင်မြင်ခဲ့ပြီးနောက် ခြောက်မှတ်သာ လျှော့ချရန် ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဘက်က ကြေညာလိုက်ပါတယ်။ မူလ ၁၀ မှတ်လျှော့ပြစ်ဒဏ်က ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုစည်းမျဉ်း(PSR)ကို အဲဗာတန်အသင်းက ချိုးဖောက်ကြောင်း ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း တွေ့ရှိခဲ့ရပြီးနောက် ပေါ်ထွက်လာခဲ့ပါတယ်။
၂၀၂၁-၂၀၂၂ ဘောလုံးရာသီကုန်ဆုံးချိန် အကဲဖြတ်ကာလအတွင်း အဲဗာတန်က ခွင့်ပြုပမာဏထက် ပေါင် ၁၉ ဒဿမ ၅ သန်း အရှုံးပြခဲ့ရာ ဒီလိုအခြေအနေတွေကို လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်က တွေ့ရှိခဲ့ပါတယ်။ စည်းမျဉ်းတွေအရ ကလပ်အသင်းတွေဟာ သုံးနှစ်တာကာလအတွင်း ပေါင် ၁၀၅ သန်းအထိပဲ အရှုံးပေါ်ဖို့ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် အဲဗာတန်က အဲ့ဒီကာလအတွက် ပေါင် ၁၂၄ ဒဿမ ၅ သန်းအထိ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အဲဗာတန်ဘက်က စွဲချက်တွေကို ဝန်ခံခဲ့ပြီး ပြစ်ဒဏ်အပေါ်မှာသာ အယူခံဝင်ခဲ့ပါတယ်။ စွဲချက်ကိုးခုအတွက် ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်အပေါ် အယူခံဝင်ခဲ့ရာမှာ စွဲချက်ခုနစ်ခုနဲ့စပ်လျဉ်းတဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့ပြီး လက်ကျန်စွဲချက်နှစ်ခုကိုတော့ ဆက်လက်စစ်ဆေးနေပါတယ်။
ဒါကြောင့် ၁၀ မှတ်လျှော့ပြစ်ဒဏ်ကို ခြောက်မှတ်လျှော့ ပြစ်ဒဏ်အဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုလို အယူခံအောင်မြင်မှုနဲ့အတူ အဲဗာတန်က ရမှတ် ၂၅ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်-၁၅ နေရာဆီ တက်လှမ်းလာပါတယ်။