
တပည့်ဖြစ်သူရဲ့ခြေစွမ်းကို ချီးကျူးလိုက်တဲ့ ဗီလာနည်းပြ အမ်မရီ
စနေနေ့တုန်းက ချဲလ်ဆီးကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးဖန်တီးနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ခြေစွမ်းကို ချီးကျူးပြောကြားလိုက်ပါတယ်။ အင်္ဂလန်သားဟာ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ယူနိုက်တက်ထံကနေ ဗီလာအသင်းထံ အငှားလာကစားခဲ့တာဖြစ်ပြီး ၂ ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဗီလာဟာ ၁-၀ နဲ့အရေးနိမ့်နေပေမယ့် အဆန်စီရိုရဲ့ဂိုးတွေနဲ့အတူ ၂-၁ နဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ ရက်ရှ်ဖို့ဒ်က ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး ၂ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ အမ်မရီက “ကျွန်တော်တို့ သူ့ကိုအားပေးကူညီခဲ့ပါတယ်။ ဒီမှာအထိုင်ကျအောင်လည်း ကူညီပေးခဲ့ပါတယ်။ သူ့ရဲ့နည်းစနစ်ပိုင်းစွမ်းရည်တိုးတက်အောင်လည်း ကြိုးစားပေးခဲ့ပါတယ်။
သူက တိုးတက်နေဆဲဖြစ်ပြီး ၄၅ မိနစ်လောက် ကစားခဲ့ပါတယ်။ အခုဆို သူကအသင်းရဲ့အရေးပါတဲ့ကစားသမားဖြစ်နေပြီးပါပြီ”လို့ ပြောကြားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ် နဲ့ အာမိုရင်တို့ကြား ပြဿနာတက်ခဲ့ပြီးနောက် ဗီလာထံအငှားနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပေါင်သန်း ၄၀ နဲ့ အပြီးသတ်ခေါ်ယူခွင့်ပါရှိတာဖြစ်ပါတယ်။
အသက် ၂၇ နှစ်သားဟာ ယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ယူနိုက်တက်အတွက် ပွဲပေါင်း ၄၂၆ ပွဲမှာ ၁၃၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
ယခင်နည်းပြတွေလက်အောက်မှာ အင်္ဂလန်သားဟာ ယူနိုက်တက်ရဲ့အဓိကကစားသမားဖြစ်ခဲ့ပေမယ့် အခုအာမိုရင်ရောက်လာပြီးနောက်မှာတော့ နေရာပျောက်လာခဲ့တာဖြစ်ပါတယ်။
“မားကပ်စ်ရဲ့အရည်အချင်းကို ကျွန်တော်တို့သိပါတယ်။ သူက ကျွန်တော်တို့ကို အများကြီးကူညီပေးခဲ့ပါတယ်။ ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ ၂ ဂိုးဖန်တီးပေးခဲ့တဲ့အတွက် မားကပ်စ်ကို ကျေးဇူးတင်ပါတယ်”လို့ အမ်မရီက ပြောကြားခဲ့ပါတယ်။
ဗီလာကွင်းလယ်လူ တိုင်လီမန်းစ်ကလည်း အသင်းဖော် ရက်ရှ်ဖို့ဒ်ရဲ့ခြေစွမ်းကို ချီးကျူးခဲ့ပါတယ်။