The network connection is lost.

Banner Image

ဒူးဒဏ်ရာကြောင့် တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ပါဝင်ဖို့မသေချာတဲ့ ဟာလန်း

ယမန်နေ့ညက လီဗာပူးကို ၀-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိတဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းဟာ လာမယ့်ကြာသပေတေးနေ့ တော့တင်ဟမ်နဲ့ပွဲစဉ်မှာလည်း ပါဝင်ဖို့မသေချာတဲ့အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။ နော်ဝေးလက်ရွေးစင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့အပတ်က နယူးကာဆယ်ကို ၄ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲထွက်ပါဝင်ရင်း ဒူးခေါင်းဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကြားရက်က ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုလည်းလွဲချော်ထားတာဖြစ်ပါတယ်။ 

ကစားသမားရဲ့ဒူးခေါင်းကို စကန်ဖတ်စစ်ဆေးရာမှာ ဒဏ်ရာပြဿနာကြီးကြီးမားမားတွေ့ရှိထားခြင်းတော့မရှိပေမယ့် တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မသေချာဘူးလို့ သတင်းတွေကဆိုပါတယ်။ လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ဟာလန်းရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာမှာလည်း ပက်ဂွါဒီယိုလာက ရှင်းရှင်းလင်းလင်းဖြေကြားခဲ့ခြင်းမရှိဘဲ "ကျွန်တော် သေချာမသိပါဘူး။ သိရသလောက်တော့ သူ့ရဲ့ဒဏ်ရာက ဒူးခေါင်းမှာပါ။ နယူးကာဆယ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့ပါတယ်။လောလောဆယ်မှာတော့ သူ့ကို ဒဏ်ရာရစာရင်းထဲမထည့်ထားပါဘူး။ ဘာကြောင့်လဲဆိုတော့ အသေးစိတ်စစ်ဆေးချက်တွေအရ အခြေအနေကောင်းနေလို့ပါ။ ဒါပေမယ့် သူကတော့ ကောင်းတယ်လို့မခံစားရဘူးလို့ပြောပါတယ်"

"သူမကြာခင်မှာပဲ ပြန်ကစားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မနေ့ကလည်း လေ့ကျင့်ရေးအစီအစဉ်ကို လာခဲ့ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ အဆင်သင့်မဖြစ်သေးဘူးလို့ သူက ကျွန်တော်တို့ကိုပြောထားပါတယ်။ ဒါကြောင့် သူ့ရဲ့အမြင်ကိုလည်း လေးစားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဒီရာသီမှာ ဟာလန်းဟာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၂၇ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်၊ လီဗာပူးတို့နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ အရေးကြီးပွဲစဉ်တွေကိုတော့ လွဲချော်ထားခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ၂ ကျော့စလုံးရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ကို အုပ်စုအဆင့်နဲ့ နုတ်ထွက်ခဲ့ရပါတယ်။ ဒါ့အပြင် လီဗာပူးကို ရှုံးနိမ့်ခဲ့တာကြောင့်လည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာရပ်တည်နေကာ ချန်ပီယံဆုအတွက် အတော်လေးအခွင့်အရေးနည်းနေပြီဖြစ်ပါတယ်။