
အန်တိုနီကို အပြီးသတ်ခေါ်ယူနိုင်ချေနဲ့ပတ်သက်ပြီး ထုတ်ပြောလာတဲ့ ဘက်တစ်
ရီးရဲလ်ဘက်တစ်အသင်းက ယူနိုက်တက်အသင်းမှာ နေရာမရဖြစ်နေတဲ့ အန်တိုနီကို အပြီးသတ်ခေါ်ယူနိုင်ချေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာပါတယ်။
ဘရာဇီးသားဟာ အခုဆောင်းဈေးကွက်မှာ ဘက်တစ်အသင်းထံ ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
အန်တိုနီတစ်ယောက် ယူနိုက်တက်အသင်းရဲ့ဈေးအကြီးဆုံးခေါ်ယူမှုတွေထဲကတစ်ခုဖြစ်ခဲ့ပေမယ့် မန်ချက်စတာမြေမှာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
ဘရာဇီးသားဟာ ယူနိုက်တက်အသင်းအတွက် ၅၂ ပွဲမှာ ၄ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၂၄ နှစ်သားဟာ စပိန်မြေမှာတော့ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပွဲဦးထွက်ပွဲမှာတင် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။
အန်တိုနီရဲ့စာချုပ်ထဲမှာ အပြီးသတ်ခေါ်ယူမှုမပါဝင်ပေမယ့် ဘက်တစ်ဘက်က လာမယ့်နွေမှာ ကြိုးစားလာနိုင်ချေရှိနေပါတယ်။ အန်တိုနီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘက်တစ်အသင်းအမှုဆောင် ရာမွန်က “ကျွန်တော် ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ နောက်တစ်နေ့မှာ ယူနိုက်တက်စီအီးအိုက ကျွန်တော့်ကို ခေါ်ခဲ့ပါတယ်။
အဲ့နောက် အပြောင်းအရွှေ့အတွက် လိုအပ်တဲ့အချက်အလက်တွေကို ပေးပို့ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ကော ကစားသမားနဲ့ပါ အဆင်ပြေပါတယ်။ လာမယ့်ရာသီမှာလည်း သူအသင်းမှာဆက်ရှိနိုင်ပါတယ်။ ဘာကြောင့် မဖြစ်နိုင်ရမှာလဲဗျ?”လို့ ဖြေကြားခဲ့ပါတယ်။
အန်တိုနီရဲ့ပွဲဦးထွက်စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး နည်းပြ ပယ်လီဂရီနီက ချီးကျူးခဲ့ပါတယ်။ “သူ့အတွက်တော့ အရမ်းကောင်းတဲ့ပွဲဦးထွက်ပါ။ သူက အရည်အချင်းရှိတဲ့ကစားသမားပါ။ ပွဲမတိုင်ခင် ကျွန်တော် သူနဲ့စကားပြောဖြစ်ခဲ့ပါတယ်။ ကစားသမားကောင်းတစ်ဦးက ဘောလုံးနဲ့အတူ တည်ငြိမ်တဲ့စွမ်းရည်ပြဖို့ မလိုဘူးလို့ ကျွန်တော်ထင်ပါတယ်။
ဒီနေ့မှာ သူပွဲကောင်းတစ်ပွဲကစားခဲ့ပါတယ်။ အမှားအနည်းငယ်ရှိခဲ့ပေမယ့် သူဒီနေ့မှာ အများကြီးပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယဂိုးမှာပါ။ ဒီကိုရောက်တာ ရက်အနည်းငယ်ပဲရှိသေးပေမယ့် သူအများကြီး စွမ်းဆောင်ထားပါတယ်”လို့ ပယ်လီဂရီနီက ပြောကြားခဲ့ပါတယ်။
အန်တိုနီတစ်ယောက် ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ပထမဆုံးဂိုးရခဲ့ပေမယ့် ၃-၂ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ “ဒီနေ့ပွဲအရေးနိမ့်ခဲ့တာကို အရမ်းနားလည်ရခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ အစကောင်းခဲ့သလို ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။
ဒါပေမယ့် ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲရပါမယ်။ ၂ ဂိုးသွင်းထားနိုင်တယ်ဆိုပေမယ့် ပွဲကိုမိနစ် ၉၀ အပြည့်အာရုံစိုက်ရပါမယ်။ ကျွန်တော်တို့ ပိုကောင်းအောင်လုပ်ရပါမယ်။
စိတ်ပိုင်းဆိုင်ရာကိုပြောင်းလဲပြီး အစကနေ အဆုံးအထိ သေချာလေးကစားဖို့ လိုအပ်ပါတယ်”လို့ အန်တိုနီက ပြောကြားခဲ့ပါတယ်။ အန်တိုနီရဲ့မိခင်ကလပ် ယူနိုက်တက်ကတော့ အာမိုရင်လက်အောက်မှာ ရလဒ်တွေ မတည်မငြိမ်ဖြစ်နေဆဲဖြစ်ပါတယ်။