The network connection is lost.

Banner Image

အသင်းဖော်သစ်ဆီမှာ ထူးခြားမှုတစ်ခုခုရှိနေပါတယ်လို့ ထုတ်ပြောခဲ့တဲ့ ဟာလန်း

ချဲလ်ဆီးကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်ကို မန်စီးတီးကစားသမားဘဝပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့တဲ့ အိုမာမာမွတ်ဆီမှာ ထူးခြားမှုတစ်ခုခုရှိနေပါတယ်လို့ ဟာလန်းက ယုံကြည်နေပါတယ်။

အခုပွဲစဉ်မှာ မာမွတ်က ချဲလ်ဆီးအသင်းခံစစ်ပိုင်းကို အရှိန်အဟုန်ပြင်းပြင်းတိုက်စစ်ဆင်ရင်း အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ သူက ပထမပိုင်းပွဲချိန်အတွင်း ပွဲဦးထွက်သွင်းဂိုးရရှိခဲ့ပေမယ့် လူကျွံနေလို့ ဒီသွင်းဂိုးကို ပယ်ဖျက်ခဲ့ရပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာလည်း မာမွတ်ရဲ့အပြင်းကန်ချက်က ဂိုးပေါက်နဲ့အနည်းငယ်လေးလွဲချော်သွားလို့ ပွဲဦးထွက်သွင်းဂိုးနဲ့ ဝေးကွာခဲ့ရပါတယ်။

ပွဲစဉ်အပြီးမှာတော့ မာမွတ်ရဲ့ချီးကျူးဖွယ်စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ဟာလန်းက “အထူးသဖြင့် ပထမပိုင်းပွဲချိန်အတွင်းမှာပဲ သူ့ဆီမှာ ထူးခြားချက်တစ်ခုခုရှိနေတယ်ဆိုတာကို ခင်ဗျားတို့လည်း မြင်တွေ့နိုင်ခဲ့မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့ဆီမှာ ထူးခြားမှုတစ်ခုခုရှိနေလို့သာ မန်စီးတီးက မာမွတ်ကို အမိအရခေါ်ယူခဲ့တာပါ။ သူက အသင်းနဲ့ ချက်ချင်းဆိုသလို ပူးပေါင်းခဲ့ရပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ အရေးကြီးပွဲစဉ်တွေရှိနေလို့ တက်နိုင်သမျှအမြန်ဆုံး သူနဲ့တွဲဖက်ကစားသွားနိုင်ရပါမယ်။

အခုလိုပွဲထွက်ခွင့်ရရှိမှုက သူ့အတွက် ယုံကြည်မှုတိုးပွားစေသလို သူကိုယ်တိုင်လည်း ကျွန်တော်တို့အတွက် အံ့ဖွယ်ကစားသမားတစ်ဦး ဖြစ်လာပါလိမ့်မယ်။ ကစားသမားသစ်တွေ မြင်တွေ့ရတာ အမြဲတမ်းပျော်စရာကောင်းပါတယ်။ မတူညီတဲ့အင်အားတစ်ခု၊ မတူညီတဲ့ပင်ကိုယ်စရိုက်လက္ခဏာတစ်ခုနဲ့အတူ အသင်းဆီပူးပေါင်းဖို့ ကြိုးစားရခြင်းမတိုင်ခင် ကျွန်တော်ကိုယ်တိုင်လည်း ကစားသမားသစ်တစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။
 
မိတ်ဆွေသစ်တွေရရှိတာ၊ ကစားသမားကောင်းတွေနဲ့ တွဲဖက်ကစားခွင့်ရရှိတာလည်း ပျော်စရာပါပဲ။ ဒါကိုပဲ လိုချင်ကြတာပါ။ မာမွတ်က ဖရန့်ဖတ်အသင်းမှာ အံ့အားသင့်လောက်စရာကောင်းတဲ့ ပထမရာသီဝက်ကာလကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါကြောင့် အခုဒုတိယရာသီဝက်ကာလကိုလည်း သူက ကျွန်တော်တို့နဲ့အတူ ဒီအတိုင်းပဲစွမ်းဆောင်ပေးသွားနိုင်ဖို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။

ယမန်နေ့ညပိုင်းပွဲစဉ်ရဲ့အစောပိုင်းမိနစ်တွေမှာပဲ မန်စီးတီးက နောက်ခံလူသစ်ခူဆာနော့ဗ်ရဲ့အမှားမှတဆင့်  ချဲလ်ဆီးအတွက် မာဒူကီရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာပဲ ဂျီဗာဒီအောလ်က မန်စီးတီးတို့လိုအပ်နေတဲ့ ချေပဂိုးကို ရှာဖွေပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ မန်စီးတီးက ပွဲကို ပိုမိုထိန်းချုပ်လာခဲ့ပြီး ဟာလန်း၊ ဖိုဒန်တို့ရဲ့သွင်းဂိုးတွေနဲ့ အဖိုးတန်အိမ်ကွင်းနိုင်ပွဲတစ်ခုကို ဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲမှာ မန်စီးတီးက ခိုင်မာအားကောင်းလှတဲ့ အသင်းလိုက်စွမ်းဆောင်ရည်ပိုင်းပြသနိုင်ရုံမက အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဆီကိုပါ ပါဝင်လာအောင် တွန်းအားပေးနိုင်ခဲ့ပါတယ်။

သူတို့အသင်းရဲ့ဇွဲလုံ့လကြီးမားမှုနဲ့ပတ်သက်လို့ ဟာလန်းက “ အရမ်းကောင်းတဲ့ အသင်းလိုက်စွမ်းဆောင်ရည်တစ်ခု ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ အစောပိုင်းမိနစ်တွေမှာ ကျွန်တော်တို့ရဲ့ကစားပုံ ဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ရှေ့ဆက်နိုင်ခဲ့ပြီး ကဏ္ဍအများစုကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ အရမ်းကောင်းတဲ့အသင်းလိုက်စွမ်းဆောင်ရည်တစ်ခုပါ။ ကျွန်တော်တို့အသင်း နိုင်ပွဲဆက်နေဖို့လိုအပ်ပါတယ်။ ဒါကိုပဲ ကျွန်တော်တို့ လုပ်သွားရပါမယ်။ ဒီနေ့မှာဆိုရင်လည်း ကျွန်တော်တို့က စိတ်ဓါတ်ကောင်းတစ်ခုကို ချပြနိုင်ခဲ့ပါတယ်။ အခု ဒီပုံစံအတိုင်းပဲ ဆက်သွားရပါမယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကျွန်တော်တို့တွေ မဖြစ်မနေအနိုင်ကစားရမယ့် ပွဲစဉ်တစ်ခု ရှိပါတယ်။ အဲ့ဒါပြီးရင်တော့ အာဆင်နယ်ဆီသွားပြီး ရင်ဆိုင်သွားရပါမယ်။ ပွဲစဉ်ဇယားကြောင့် ပွဲစဉ်တွေအများကြီးရှိလာလို့ တက်နိုင်သမျှ အဆင်သင့်ဖြစ်နေပြီး ကြံ့ခိုင်မှုပြည့်ဝနေဖို့ ကြိုးစားသွားရပါမယ်။

ချဲလ်ဆီးက တစ်ဦးချင်းလူကပ်ကစားပြီး ခံစစ်လိုင်းကို မြှင့်တင်ထားလို့ နေရာလွတ်တွေ အများကြီးရရှိခဲ့တယ်လို့ ထင်ပါတယ်။ ဂိုးသမားအီဒါဆန်ရဲ့ကျွန်တော့်ဆီ ဂိုးဖန်တီးပေးမှုမတိုင်ခင် သူ့ရဲ့ပေးပို့မှု ဘယ်လောက်အထိတိကျနိုင်သလဲဆိုတာကို ကျွန်တော်သိထားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်နဲ့ အီဒါဆန်ကြားမှာ ဘယ်လောက်အထိနားလည်မှုရှိသလဲဆိုတာ ခင်ဗျားတို့လည်း မြင်တွေ့နိုင်ပါလိမ့်မယ်။ တခါတလေ မန်စီးတီးတောင် တိုက်စစ်တိုက်ရိုက်ကစားနိုင်ပြီး ဒါက ကောင်းမွန်တဲ့အရာတစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။ အီဒါဆန်ဆီမှ အံ့အားသင့်ဖွယ်ဘောလုံးပေးပို့မှုတစ်ခုနဲ့အတူ ကောင်းမွန်တဲ့သွင်းဂိုးတစ်ခု ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ချဲလ်ဆီးကို အနိုင်ယူပြီးနောက် ယုံကြည်မှုတွေတိုးပွားလာတဲ့ မန်စီးတီးအသင်းက လာမယ့်ဗုဒ္ဓဟူးနေ့၊ သေရေးရှင်ရေးတမျှအရေးကြီးလှတဲ့ ဘရုဂျက်နဲ့ချန်ပီယံလိဂ်ပွဲစဉ်ဆီ အာရုံစိုက်သွားရပါလိမ့်မယ်။ ဒီပွဲစဉ်အပြီး သူတို့တွေက ဖေဖော်ဝါရီ ၂ ရက်မှာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းကို ဆင်နွှဲရပါဦးမယ်။