The network connection is lost.

Banner Image

အာချင်ပေါင်ရှိနေတာကြောင့် နောက်တန်းကစားသမားသစ်ခေါ်ယူဖို့ အစီအစဉ်မရှိကြောင်း ပြောကြားလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက အသင်းရဲ့နောက်တန်းမှာ လူငယ်ကြယ်ပွင့်ကစားသမားလေး ဂျို့ရှ်အာချင်ပေါင် ခြေစွမ်းပြသနေတာကြောင့် ဇန်နဝါရီဈေးကွက်မှာ နောက်ခံကစားသမားသစ်ခေါ်ယူဖို့ အစီအစဉ်မရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးဟာ ခရစ္စတယ်ပဲလေ့စ်ကို သရေသာကစားနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို ဂျေဒန်ဆန်ချိုရဲ့ပေးပို့မှုမှတစ်ဆင့် ကိုးလ်ပယ်လ်မာ ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ဒုတိယပိုင်း မိနစ် ၈၀ ကျော်အရောက်မှ ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ 
နောက်တန်းကစားသမားတွေဒဏ်ရာရနေတဲ့ ချဲလ်ဆီးအနေနဲ့ ယခုပွဲစဉ်မှာ အာချင်ပေါင်ကို ပွဲထွက်ကစားသမားအဖြစ်အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် အခုလို ချဲလ်ဆီးအနေနဲ့ ရလဒ်ဆိုးတွေနဲ့ပြန်လည်ကြုံတွေ့လာရခြင်းမှာ နောက်တန်းပိုင်းလိုအပ်ချက်ကြောင့်ဖြစ်တယ်လို့ ယူဆထားကြပြီး ဆောင်းရာသီဈေးကွက်မှာ နောက်ခံကစားသမားသစ်ခေါ်ယူသင့်တယ်ဆိုတဲ့ အကြံပြုချက်တွေထွက်ပေါ်ထားတာဖြစ်ပါတယ်။ 

ယခုပွဲစဉ်မှာ ချဲလ်ဆီးဟာ အသင်းရဲ့အဓိကဗဟိုခံစစ်မှူးတွေဖြစ်တဲ့ ဝက်စလေဖိုဖာနာနဲ့ ဘီနွိုက်ဘာဒီယာရှီးလ်တို့ကို အသုံးပြုနိုင်ခြင်းမရှိတာကြောင့် လူငယ်ကစားသမားတွေဖြစ်တဲ့ ကိုဝဲလ်နဲ့ အာချင်ပေါင်တို့ကို တွဲဖက်ပေးထားခဲ့တာဖြစ်ပါတယ်။ နောက်တန်းပိုင်းလိုအပ်ချက်တွေရှိနေခဲ့သော်လည်း မာရက်စ်ကာက “ကျွန်တော့်အတွက် အားလုံးက ကျေနပ်လောက်တဲ့ခြေစွမ်းပြသနိုင်ခဲ့ကြပါတယ်။ ဒီပွဲမှာ အာချင်ပေါင်က ကျွန်တော့်အတွက် အကောင်းဆုံးကစားသမားပါပဲ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အသက်အရွယ်ကြောင့်ပါ။ ဒီပွဲက သူ့ရဲ့ပထမဆုံးပွဲထွက်ခွင့်ရတဲ့ပွဲလည်းဖြစ်ပါတယ်။ သူက ဒီကလပ်အတွက် ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် လမ်းကြောင်းမှန်ပေါ်မှာ လျှောက်လှမ်းဖို့လည်း လိုအပ်နေပါသေးတယ်။ လူငယ်ကစားသမားတွေအတွက် လမ်းကြောင်းမှန်ပေါ်ရောက်ဖို့က အရေးကြီးဆုံးပါပဲ”

“သူက အဆင်သင့်ဖြစ်နေပြီဆိုတာ သက်သေပြသနိုင်ခဲ့ပြီးဖြစ်လို့ ဒီပွဲအတွက် အဆင်သင့်ဖြစ်နေမယ်ဆိုတာ ကျွန်တော်ယုံကြည်ခဲ့ပါတယ်။ သူဘယ်လောက်ကောင်းလဲဆိုတာ ထပ်ပြီးတော့ သက်သေပြနိုင်ခဲ့တယ်လို့ထင်ပါတယ်။ အသက်အရွယ်အရဆိုတော့ ထိန်းထိန်းသိမ်းသိမ်းကစားဖို့လိုအပ်နေသေးပြီး နောက်ထပ်အခွင့်အရေးအတွက် အလုပ်ကြိုးစားသွားရပါဦးမယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အီတလီသားက “ကျွန်တော်တို့ ကစားသမားတွေဝယ်ဖို့၊ ရောင်းဖို့ကိစ္စတွေမပြောခင်မှာ အာချင်ပေါင်က ခြေစွမ်းကောင်းကိုပြသထားနိုင်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။ သူက ကျွန်တော့်အတွက် လုံလောက်တဲ့စွမ်းဆောင်ရည်ကိုပြသထားပါတယ်။ ဖိုဖာနာနဲ့ ဘာဒီယာရှီးလ်တို့ ဒဏ်ရာပြဿနာတွေဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ အပြောင်းအရွှေ့ဈေးကွက်မှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရမှာပေါ့” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ဇန်နဝါရီ ၁၁ ရက်နေ့မှာ‌ ချဲလ်ဆီးဟာ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် မော်ကန်ဘီကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး ၄ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်မလား စောင့်ကြည့်ရပါမယ်။