The network connection is lost.

Banner Image

ပြင်သစ်အနေနဲ့ ဂိုးရှေ့ရောက်ဖို့ ကြိုးစားအားထုတ်ရမယ်လို့ ပြောကြားလာတဲ့ ဒက်စ်ချမ့်စ်

ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာဒက်စ်ချမ့်စ်က ဘယ်လ်ဂျီယံနဲ့ယှဉ်ပြိုင်ရမယ့် ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ သွင်းဂိုးတွေရယူနိုင်ဖို့ ပြိုင်ဘက်ရဲ့ဂိုးပေါက်နားကို ပိုမိုနီးစပ်နိုင်ဖို့ ကြိုးစားအားထုတ်ရမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ကနေဒါနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်အပါအဝင် နောက်ဆုံးပွဲစဉ် ၄ ပွဲမှာ ပြင်သစ်ဟာ အသင်းရဲ့ကစားကွက်မှတစ်ဆင့် တစ်ဂိုးမှမသွင်းယူနိုင်သေးပါဘူး။ ယူရိုအုပ်စုအဆင့် ၃ ပွဲယှဉ်ပြိုင်ခဲ့ရာမှာ ပြင်သစ်ဟာ ဩစတြီးယားကို OG ကြောင့်အနိုင်ရခဲ့ပြီး၊ နယ်သာလန်ကို ၀-၀ နဲ့သရေကျခဲ့သလို၊ ပိုလန်ကိုလည်း ပင်နယ်တီမှတစ်ဆင့်သာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

တနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ဒက်စ်ချမ့်စ်က “ဒါက အုပ်စုပွဲစဉ်တွေမဟုတ်တော့ပါဘူး။ ပြိုင်ဆိုင်မှုအသစ်ပါပဲ။ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့လိုပါတယ်။ အနိုင်ရဖို့ဆိုရင်တော့ ဂိုးသွင်းနိုင်မှဖြစ်ပါမယ်။ ကျွန်တော်တို့အနေနဲ့ ဂိုးပေါက်နဲ့ပိုမိုနီးစပ်ဖို့ ကြိုးစားအားထုတ်သွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။

ပြင်သစ်မီဒီယာတွေကတော့ ဘယ်လ်ဂျီယံနဲ့ပွဲမှာ ပြင်သစ်အသင်းအနေနဲ့ သွင်းဂိုးတွေရရှိဖို့ ပွဲကို ဘယ်ပုံဘယ်နည်းနဲ့ချဉ်းကပ်လာကြမလဲဆိုတာ အမျိုးမျိုးထင်ကြေးပေးထားကြပါတယ်။ ဆက်လက်ပြီး ဒက်စ်ချမ့်စ်က “ဒီပွဲမှာ ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်ကို အကောင်းဆုံးဒုက္ခပေးနိုင်တဲ့ အသင်းတစ်သင်းကိုတည်ဆောက်သွားနိုင်ဖို့မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းကိုပြောင်းလဲမှုတွေပြုလုပ်သွားမှာမဟုတ်ပေမယ့် ပြုပြင်မှုတွေတော့ လုပ်သွားမှာပါ။ ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကတော့ ကစားသမားတွေကို သူတို့ရဲ့အကောင်းဆုံးနေရာတွေမှာ နေရာချပေးဖို့ပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာပြင်သစ်ဟာ ဆွစ်ဇာလန်ကို ရှုံးထွက် ၁၆ သင်းအဆင့်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး ယခုအခါမှာတော့ အဆိုပါအဖြစ်အပျက်ကို ဒက်စ်ချမ့်စ်က “အဲဒီရှုံးနိမ့်မှုက ကျွန်တော်တို့အတွက် အရမ်းနာကျင်စရာကောင်းခဲ့ပြီး နောက်တစ်ခါထပ်မဖြစ်စေဖို့ ဘာမဆိုလုပ်သွားမှာပါ။ လက်ရှိအချိန်မှာတော့ ကွာတားဖိုင်နယ်ကိုတက်လှမ်းဖို့ ရည်မှန်းထားပါတယ်”

“ကျွန်တော်တို့အနေနဲ့ ရှုံးထွက်ပွဲစဉ်တွေကိုယှဉ်ပြိုင်ခဲ့ရာမှာ မိနစ် ၉၀ အတွင်းမှာပဲ အများစုကိုအနိုင်ယူခဲ့ပါတယ်။ ကျွန်တော်တို့ ပင်နယ်တီလေ့ကျင့်နေပေမယ့် ရည်မှန်းချက်ကတော့ အဲဒီလောက်အထိ သွားဖို့မရည်မရွယ်ထားပါဘူး။ အဆုံးမှာတော့ ဘောလုံးရဲ့ထုံးစံအတိုင်း အနိုင်ရသူနဲ့ ရှုံးနိမ့်သူရှိနေမှာပါပဲ။ ကျွန်တော်တို့အနေနဲ့ ရယ်ပြုံးနေတဲ့ဘက်မှာရှိနေဖို့ မျှော်လင့်ပါတယ်။ ဒီပြိုင်ပွဲက ပြိုင်ပွဲဝင်နိုင်ငံတိုင်းအတွက် အရမ်းခက်ခဲပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ပွဲပါ” လို့ပြောကြားခဲ့ပါတယ်။