ကလပ်ဘရုကို မဖြစ်မနေအနိုင်ယူသွားမယ်လို့ ဂွါဒီယိုလာ အခိုင်အမာပြောကြား
မန်ချက်စတာစီးတီးနည်းပြပက်ဂွါဒီယိုလာက ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာထိပ်တိုက်တွေ့ဆုံနေတဲ့ ကလပ်ဘရုကို သေချာပေါက်အနိုင်ယူပြီး ပလေးအော့ဖ်အဆင့်ကို တက်လှမ်းသွားရမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ အခွင့်အရေးမရှိတော့ပေမယ့် အဆင့် ၂၄ အတွင်းဝင်အောင်ကြိုးစားပြီး ပလေးအော့ဖ်ပွဲစဉ် ၂ ပွဲထပ်ကစားဖို့တော့ အခွင့်အရေးရှိနေဆဲဖြစ်ပါတယ်။
အခုနောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေပြန်လည်ပုံဖော်လာနိုင်တဲ့ မန်စီးတီးဟာ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိအနိုင်ရထားခဲ့ပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဂွါဒီယိုလာရဲ့အသင်းဟာ ပီအက်စ်ဂျီကို ၂ ဂိုးပြတ်ဦးဆောင်ပြီးကာမှ ၄-၂ ဆိုတဲ့ရလဒ်နဲ့ ပြန်လည်ရှုံးနိမ့်ထားတာဖြစ်ပါတယ်။
ဒါကြောင့် ယခုနောက်ဆုံး ကလပ်ဘရုနဲ့ယှဉ်ပြိုင်သွားရမယ့်ပွဲစဉ်က မန်စီးတီးရဲ့ ဒီရာသီချန်ပီယံလိဂ်မျှော်လင့်ချက်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေတာဖြစ်ပါတယ်။ ဂွါဒီယိုလာက "အသင်းအနေနဲ့အခုလိုအခြေအနေဖြစ်နေတာ ပြဿနာမဟုတ်ပါဘူး။ ဒါကစိန်ခေါ်မှုပြုလုပ်ဖို့ အခွင့်အရေးတစ်ခုပါပဲ။ ဒါကို ရင်ဆိုင်သွားရပါမယ်။ ကျွန်တော်တို့ ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ကစားသွားရမှာပါ။ အသင်းတစ်သင်းက ပွဲ ၂၀ ဆက်တိုက်ရှုံးပွဲမရှိရင် သူတို့အရမ်းကောင်းနေလို့ပါပဲ။ ဘာလျှို့ဝှက်ချက်မှမရှိပါဘူး"
"သူတို့ အက်စတွန်ဗီလာကိုနိုင်ခဲ့ပါတယ်။ ပြီးတော့ ဂျူဗင်တပ်စ်၊ မီလန်တို့နဲ့ပွဲစဉ်တွေမှာလည်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဆဲလ်တစ်နဲ့ပွဲမှာလည်း အတူတူပါပဲ။ ဒါပေမယ့် အသင်းတိုင်းမှာ အားနည်းချက်ဆိုရှိပါတယ်။ မန်ချက်စတာစီးတီးမှာလည်းအတူတူပါပဲ။ ကျွန်တော်တို့ အဲဒီအားနည်းချက်ကိုရှာပြီး သူတို့ကို အပြစ်ပေးသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
လက်ရှိချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၂၅ နေရာမှာရပ်တည်နေတဲ့ မန်စီးတီးဟာ ၇ ပွဲကစားထားရာမှာ ၂ ပွဲသာအနိုင်ရခဲ့ပါတယ်။ ဆက်လက်ပြီး ဂွါဒီယိုလာက "ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ လုံလောက်တဲ့စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့ပါဘူး။ ဒါကိုကျွန်တော်တို့လည်း သိပါတယ်။ အခုလို ပွဲတွေများတဲ့ရာသီမှာ ကျွန်တော်တို့ အခုထက်ပိုပြီး ကြိုးစားဖို့လိုအပ်ပါတယ်။ လာမယ့်ပွဲမှာ ကစားသမားတွေ သူတို့ရဲ့စွမ်းဆောင်ရည်ကို အစွမ်းကုန်ထုတ်ပြကြမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ဘာတွေဖြစ်လာမလဲဆိုတာကတော့ ဘယ်သူမှမသိနိုင်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။