
၀က်စ်ဟမ်းကို အသည်းအသန်ကစားပြီး အနိုင်ယူခဲ့တဲ့ လီဗာပူး
လီဗာပူး ၂-၁ ဝက်စ်ဟမ်း (ပွဲပြီးရလဒ်)
အန်ဖီးလ်မှာကစားရတဲ့ပွဲစဉ်ဖြစ်ပေမယ့် ဒုတိယပိုင်းပွဲချိန်အတွင်း ပေါ့လျော့လွန်းတဲ့ကစားပုံကြောင့် အိမ်ကွင်းအနိုင်သုံးမှတ်အပြည့်ရရှိဖို့ လီဗာပူးတို့ ရုန်းကန်ခဲ့ရပါတယ်။ ပထမပိုင်းပွဲချိန်မှာ ဒီယက်ဇ်ရဲ့သွင်းဂိုးနဲ့ လီဗာပူးတို့ ဦးဆောင်နိုင်ခဲ့ပြီး လက်ကျန်ပွဲချိန်တွေကို အနိုင်ရလဒ်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရင်း ကျော်ဖြတ်လာခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ ရော်ဘတ်ဆန်ရဲ့ O.G မှတဆင့် ဝက်စ်ဟမ်းတို့ ချေပဂိုးရရှိသွားပြီး အဝေးကွင်းသရေရလဒ်ကို မျှော်လင့်လာနိုင်ပါတယ်။ ဒါပေမယ့် မိနစ်ပိုင်းအကြာမှာပဲ မက်အယ်လစ္စတာရဲ့ထောင့်ကန်ဘောကို ဗန်ဒိုက်ခေါင်းတိုက်သွင်းယူကာ အိမ်ရှင်တွေအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အန်းစလော့ရဲ့အသင်းက အနီးဆုံးပြိုင်ဘက်အာဆင်နယ်ကို ၁၃ မှတ်တိတိဖြတ်ကာ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဆက်လက်ဦးဆောင်ခဲ့ပါတယ်။