
ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းခဲ့တဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားလာတဲ့ ဒီဘရိုင်း
မန်စီးတီးကြယ်ပွင့် ကီဗင်ဒီဘရိုင်းဟာ မနေ့ည ခရစ္စတယ်ပဲလေ့စ် ကို ၅-၂ ဂိုးနဲ့ ရင်ခုန်စရာ အနိုင်ရခဲ့တဲ့ပွဲက စွမ်းဆောင်ရည်ကောင်းတွေရဲ့ နောက်ကွယ်က အဓိက တွန်းအားကို ဖွင့်ဟခဲ့ပါတယ်။ ဒီဘရိုင်းက ၂၀၂၄-၂၅ ရာသီကုန်မှာ ထွက်ခွာမသွားခင် ပရိသတ်တွေ တောင့်တနေတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရအောင် ယူပေးချင်တဲ့ ဆန္ဒရှိနေပုံပါပဲ။ ခရစ္စတယ်ပဲလေ့စ်က အီတီဟတ်ကွင်းမှာ အံ့အားသင့်စေခဲ့ပြီး အီဇီ နဲ့ ရစ်ချက် တို့ရဲ့ ဂိုးတွေကြောင့် ပွဲချိန် ၂၁ မိနစ်အတွင်းမှာ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဘရိုင်းက စီးတီးရဲ့ မယုံနိုင်စရာ comebackကို ဦးဆောင်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံ ကွင်းလယ်လူက ကောင်းမွန်တဲ့ ဖရီးကစ်တစ်လုံးနဲ့ ချေပဂိုး တစ်ဂိုး သွင်းယူခဲ့သလို သူ့ရဲ့ ခေါင်းတိုက်ချပေးမှုကနေ မာမွတ်ရှ်ဆီ ရောက်သွားခဲ့ပြီး ဒုတိယ ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး မကြာခင်မှာပဲ ဒီဘရိုင်းက ခြေစွမ်းကောင်းတွေ ဆက်လက်ပြသခဲ့ပြီး ကိုဗာဆစ်ရဲ့ ဂိုးအတွက် တိကျတဲ့ ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ လူငယ်ကစားသမား မက်အတီး နဲ့ အိုရိုင်လေ တို့ရဲ့ နောက်ကျဂိုးတွေကြောင့် ဂွါဒီယိုလာရဲ့ အသင်းအတွက် ၅-၂ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ရာသီကုန်မှာ စီးတီးကနေ ထွက်ခွာတော့မယ်လို့ ကြေညာထားပြီးဖြစ်တဲ့ ဒီဘရိုင်းဟာ ဒီပွဲမှာ man of the match စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပြီးနောက် အသင်းမှာ ကျန်ရှိနေတဲ့ အချိန်အတွင်း သူ့ရဲ့ အဓိက ရည်မှန်းချက်ကို ဖွင့်ဟခဲ့ပါတယ်။
ဒီဘရိုင်းက "ဒီအသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထွက်ခွာသွားချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ထိုက်တန်ပါတယ်။ ကျွန်တော်ဒီမှာ ရှိနေတဲ့ ကိုးနှစ်၊ ဆယ်နှစ်အတွင်း ချန်ပီယံလိဂ်မှာ အမြဲပါဝင်ခဲ့ပါတယ်။ ဒါကြောင့် နောက်နှစ်မှာလည်း အသင်းအတွက် အဲ့ဒါကို လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် အမြဲလုပ်နေကျအတိုင်း ဘောလုံးကောင်းကောင်း ကစားဖို့ပဲ ကြိုးစားသွားမှာပါ" လို့ ပြောပါတယ်။
မနေ့က ရရှိခဲ့တဲ့ အရေးပါတဲ့ ရမှတ် ၃ မှတ်ကြောင့် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ချဲဆီးကို ကျော်ပြီး အဆင့်၄နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ပွဲရဲ့ အံ့အားသင့်ဖွယ် အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဒီဘရိုင်းက "ကျွန်တော်တို့ ကောင်းကောင်းစတင်နိုင်ခဲ့တယ်၊ အခွင့်အရေး နှစ်ကြိမ်လောက် ရခဲ့တယ်၊ ရုတ်တရက် ၂ ဂိုး ပြတ်ရှုံးခဲ့ရတယ်၊ ၃ ဂိုးတောင် ဖြစ်သွားနိုင်တယ်။ တုံ့ပြန်မှုကောင်းခဲ့တယ်။ အလုံးစုံအားဖြင့် ကျွန်တော်တို့ တော်တော်လေး ကောင်းတဲ့ပွဲ ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် အခွင့်အရေးတွေ ပေးခဲ့မိတယ်၊ သူတို့ကလည်း အဲ့ဒါကို အခွင့်ကောင်းယူသွားတယ်။ တုံ့ပြန်မှုက တကယ်ကောင်းခဲ့တယ်၊ နောက်ဆုံးမှာတော့ ကျွန်တော်တို့ အနိုင်ရဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။တတ်နိုင်သမျှ အမြန်ဆုံး ဂိုးသွင်းပြီး ပွဲရဲ့ခံစားချက်ကို ပြောင်းလဲဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဆိုးဆိုးရွားရွား မကစားဘူးလို့ ထင်ပါတယ်၊ ဒါပေမယ့် ရလဒ်က လုံးဝမကောင်းဘူး။ အဲ့ဒီကနေ ကျွန်တော်တို့ ပြန်စခဲ့တယ်။"လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အရေးပါတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ခုအဖြစ် လာမယ့် စနေနေ့မှာ အဲဗာတန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။