နောက်တစ်ဆင့်တက်ရောက်နိုင်တဲ့ အင်္ဂလန်စတား နာမည်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဘရာဇီးစတားဟောင်း
အာဆင်နယ် နဲ့ ချဲလ်ဆီးနောက်ခံလူဟောင်း ဒေးဗစ်လုဇ်က အင်္ဂလန်စတား ကိုးလ်ပယ်လ်မာဟာ နောက်တစ်ဆင့်တက်ရောက်နိုင်တဲ့ကစားသမားလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပယ်လ်မာဟာ ပြီးခဲ့တဲ့ ၁၈ လကတည်းက စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး မန်စီးတီးမှာကတည်းက ထင်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးကို မပြောင်းခင် အင်္ဂလန်သားဟာ စီးတီးအတွက် ၄၁ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပါတယ်။ ဂွါဒီယိုလာလက်အောက်မှာ ပွဲထွက်ခွင့်အနည်းငယ်ပဲရခဲ့ပေမယ့် ပယ်လ်မာဟာ အလားအလာကောင်းတွေကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ချဲလ်ဆီးမှာ ထပ်မံတောက်ပလာခဲ့ပြီး ပီအက်ဖ်အေက ပေးအပ်တဲ့ပရိသတ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆု နဲ့ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုတွေကိုရယူနိုင်ခဲ့ပါတယ်။ လုဇ်က ပယ်လ်မာဟာ ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားဖြစ်လာနေပြီး ဟာဇက်နဲ့တောင် ဆင်တူနေတယ်လို့ ချီးကျူးခဲ့ပါတယ်။
“ကိုးလ်က အီဒင်လိုပါပဲ။ သူက နောက်တစ်ဆင့်ရောက်နေပါပြီ။ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးပါ။ စီးတီးကနေထွက်ခွာဖို့ သူခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ရပါတယ်။ ဒါပေမယ့် သူ့အတွက် မှန်ကန်ခဲ့တယ်လို့ ဆိုရမှာပါ။ လူတိုင်း သူဘယ်လောက်ကောင်းလဲဆိုတာကို မြင်နိုင်ပါတယ်။ ကျွန်တော် သူကစားတာကိုကြည့်ရတာ နှစ်သက်ပါတယ်။ သူက ဦးနှောက်နဲ့ကစားတတ်တဲ့ကစားသမားမျိုးပါ။ အဲ့လိုကစားသမားမျိုးတွေကို တားဆီးရတာ ခက်ခဲပါတယ်။ သူကျွန်တော်ကစားခဲ့တဲ့ ၂၀၁၂ ကနေ ၂၀၁၇ အချိန်မှာဆိုရင်တောင် နေရာတစ်နေရာရနိုင်ပါတယ်။ ကျွန်တော် ချဲလ်ဆီးကစားသမားတွေကို ချစ်ပါတယ်။ အထူးသဖြင့် ကိုင်စီဒိုပါ။ သူ့မှာ အရမ်းကောင်းတဲ့အရည်အချင်းတွေရှိနေပါတယ်။
ပြီးတော့ ခွန်အားလည်းအပြည့်ပါပဲ။ သူအစမကောင်းခဲ့ပေမယ့် ဖြည်းဖြည်းချင်း လုပ်ဆောင်နေပါတယ်။ အခုဆို သူ့အဆင့်အတန်းကို မြင်ရပါပြီ။ အန်ဇိုကိုလည်း ကျွန်တော် ကြိုက်ပါတယ်။ သူကကမ္ဘာ့အဆင့်ကစားသမားတွေထဲကတစ်ဦးပါ။
ဒါပေမယ့် ရလဒ်ကိုပဲ ဦးတည်တာဖြစ်ပြီး အဲ့နောက်မှာမှ တစ်ဦးချင်းကို ဆုံးဖြတ်ကြတာပါ။ အန်ဇိုက တကယ့်မယုံကြည်နိုင်စရာကောင်းတဲ့ကစားသမားမျိုးပါ။
ဒါ့အပြင် ဂျက်ဆင် နဲ့ ဆန်းချက်ဇ်တို့ကလည်း ကစားသမားကောင်းတွေပါ။ သူတို့လည်း မကြာခင်မှာ ထိပ်တန်းအဆင့်ရောက်လာနိုင်ပါတယ်”လို့ ဒေးဗစ်လုဇ်က ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ရလဒ်တွေပြန်လည်ဆိုးဝါးလာခဲ့ပြီးနောက် အဆင့် ၆ နေရာအထိ ကျဆင်းလာခဲ့ပြီး တနလာၤနေ့ညမှာ ပေါ်တာရဲ့ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။