
The network connection is lost.

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဒါလေဘလိုင်းက လက်ရှိယူနိုက်တက်ရဲ့ နံပါတ် ၁ ဂိုးသမား အန်ဒရေအိုနာနာကို ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲမှာ တစ်ဦးဖြစ်တယ်လို့ ထောက်ခံပြောဆိုလိုက်တာဖြစ်ပါတယ်။
ကင်မရွန်းလက်ရွေးစင် ဂိုးသမားဟာ ၎င်းရဲ့ယူနိုက်တက်ကစားသမားဘဝ အစပိုင်းမှာပဲ အမှားအယွင်းတွေပြုလုပ်ထားပြီး ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် ၎င်းကိုယ်တိုင်ကလည်း ယူနိုက်တက်မှာကောင်းမွန်တဲ့ စတင်မှုမဖြစ်ခဲ့ဘူးလို့ ဝန်ခံပြောကြားထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ အင်တာမီလန်မှ ယူနိုက်တက်သို့ ပေါင်၄၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမားဟာ တန်ဟက်စိတ်ကြိုက်ဂိုးသမား တစ်ဦးဖြစ်ပြီး ဒီရာသီ ယူနိုက်တက်ရဲ့ပွဲစဉ်တိုင်းမှာ ပါဝင်ခွင့်ရရှိထားတာဖြစ်ပါတယ်။
အသင်းရဲ့ ဂန္ထဝင်ဂိုးသမားလို့ သတ်မှတ်နိုင်တဲ့ ပရိသတ်အချစ်တော် ဒီဂီယာရဲ့နေရာမှာ အစားဝင်ရောက်လာခဲ့သော်လည်း အိုနာနာဟာ ဘိုင်ယန်မြူးနစ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်မှာ အမှားပြုလုပ်ခဲ့မိတာကြောင့် ပရိသတ်တွေရဲ့ ငြိုငြင်မှုကို ခံခဲ့ရပါတယ်။ ဒါ့အပြင် အဆိုပါပွဲစဉ်မတိုင်မီ နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း အိုနာနာဟာ ဦးဆောင်ဂိုး ၂ ဂိုး စောစောစီးစီး ခွင့်ပြုခဲ့ရတာကြောင့် ဝေဖန်မှုတွေခံခဲ့ရပါသေးတယ်။
ယခုအခါ အိုနာနာနဲ့ အေဂျက်စ်မှာ ၄ နှစ်ကြာအတူတွဲကစားခဲ့ဖူးတဲ့ ယူနိုက်တက် နောက်ခံလူဟောင်း ဒါလေဘလိုင်းက အိုနာနာအပေါ်မှာ ယုံကြည်မှုအပြည့်ရှိကြောင်းနဲ့ ယုံကြည်စိတ်ချရပြီး ပြီးပြည့်စုံတဲ့ ဂိုးသမားတစ်ယောက်ဖြစ်တယ်လို့ ထောက်ခံပြောကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိ လာလီဂါကလပ် ဂျီရိုနာမှာ ကစားနေတဲ့ နယ်သာလန်လက်ရွေးစင် ကစားသမားက “သူကကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲကတစ်ယောက်ပါ။ သူ့မှာ အလွန်တည်ငြိမ်တဲ့ အာရုံစူးစိုက်မှုရှိပါတယ်။ ဖိအားကင်းကင်းနဲ့ ကစားရမယ်ဆိုရင် သူက အကောင်းဆုံးဂိုးသမားဖြစ်လာနိုင်ပါတယ်။ အောင်နိုင်သူတစ်ယောက်ဖြစ်လာဖို့ သူ့ကိုအမြဲတမ်းလေ့ကျင့်စေချင်ပါတယ်။ ကျွန်တော်နဲ့ သူ့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
လာမယ့်စနေနေ့မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အသက်-၂၇ နှစ်အရွယ် အိုနာနာအနေနဲ့ အသင်းဖော်ဟောင်း ဘလင်းရဲ့ပြောကြားချက်မှန်ကန်ကြောင်းကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ သက်သေပြသွားရမှာဖြစ်ပါတယ်။