The network connection is lost.

Banner Image

ဆုဖလားအောင်ပွဲကြောင့် အပိုစိတ်ဓါတ်ခွန်အားတွေ ရရှိစေတယ်လို့ ဆိုလိုက်တဲ့ ဟန်စီဖလစ်ခ်

ခါးသီးပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူကာ ကိုပါဒယ်လ်ရေးဖလားချန်ပီယံဖြစ်လာခြင်းကြောင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အင်တာမီလန်နဲ့ရင်ဆိုင်ရချိန် အပိုစိတ်ဓါတ်ခွန်အားတွေပင် ရရှိလာတယ်လို့ ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က ပြောပါတယ်။ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာမှာရှိနေတဲ့ ဟန်စီဖလစ်ခ်ရဲ့အသင်းက ပြီးခဲ့တဲ့စနေနေ့၊ စိတ်လှုပ်ရှားဖွယ်နိုင်ပွဲနဲ့အတူ ဖလားသုံးလုံးအောင်မြင်မှုရဲ့ပထမဆုံးအစိတ်အပိုင်းကို ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် အီတာလျံတွေကို ဧည့်ခံရမယ့် ပထမအကျော့အိမ်ကွင်းပွဲစဉ်မတိုင်ခင် ကစားသမားတွေရဲ့ ဝမ်းသာပီတိကိုထိန်းချုပ်ပေးဖို့ လိုအပ်လေမလားဆိုတဲ့ မေးခွန်းတစ်ခု ဘာစီလိုနာနည်းပြဆီ ရောက်ရှိလာပါတယ်။

ဟန်စီဖလစ်ခ်က “ No. မလိုပါဘူး။ လူတိုင်း အခုပွဲစဉ်အပေါ် အာရုံအပြည့်အဝရှိနေခဲ့တယ်ဆိုတာနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ဆီရောက်ရှိဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ လူတိုင်းသိရှိနေတယ်ဆိုတာကို ကျွန်တော် မြင်တွေ့ထားပြီးပါပြီ။ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိမှုကလည်း အပေါင်းလက္ခဏာဆောင်တဲ့ခံစားချက်တွေအတွက် အလွန်အရေးကြီးသလို ဒါကိုလည်း တွန်းအားပေးနိုင်ရပါမယ်။ ဗိုလ်လုပွဲတက်ရောက်ဖို့ ဘယ်လောက်အထိ ခက်ခဲမယ်ဆိုတာ ကျွန်တော်သိပါတယ်။ဒါက ဒီအသင်းမှာရှိနေသူအားလုံးရဲ့အိပ်မက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ အပြည့်အဝအာရုံစိုက်နေရပါမယ်။အသက်အရွယ်အားဖြင့် ဖိုင်နယ်တစ်ခုဆီရောက်ရှိဖို့ နောက်ဆုံးအခွင့်အလမ်းတစ်ခု ဖြစ်ကောင်းဖြစ်နေတဲ့ ကစားသမားအချို့ အင်တာမီလန်အသင်းမှာ ရှိပါတယ်။ သူတို့တွေက ရာနှုန်းပြည့်ပေးဆပ်ပါလိမ့်မယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ဟန်စီဖလစ်ခ်က ကာလရှည်အနားယူနေရာမှ ပြန်လာနိုင်ပြီဖြစ်တဲ့ တာစတီဂန်အစား ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဦးစားပေးဂိုးသမားအဖြစ် ဆက်ဇ်နီ ဆက်ရှိနေမယ်လို့ အတည်ပြုခဲ့ပါတယ်။ အင်တာမီလန်က ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်း စီးရီးအေပြိုင်ပွဲမှာ ဘိုလော့ဂ်နာ၊ ရိုးမားတို့ကို ဆက်တိုက်ဆိုသလိုရှုံးနိမ့်ပြီး အမှတ်ပေးဇယားဒုတိယနေရာဆီ ကျဆင်းသွားသလို ကိုပါအီတာလီယာဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့မှာလည်း မြိုခံပြိုင်ဘက်အေစီမီလန်ကို ဂိုးပြတ်အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။ ဒါပေမယ့် ဟန်စီဖလစ်ခ်ကတော့ လတ်တလောယိမ်းယိုင်မှုတွေနဲ့ကြုံတွေ့ထားရတဲ့ အသင်းတစ်ခုနဲ့ ရင်ဆိုင်ရချိန် သူ့ရဲ့ချဉ်းကပ်ပုံကို အပြောင်းအလဲလုပ်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

ဟန်စီဖလစ်ခ်က “ ချန်ပီယံလိဂ်ဆိုတာ အင်တာမီလန်အတွက်လည်း ဆုဖလားတစ်လုံးဆွတ်ခူးနိုင်မယ့် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ သူတို့က ကျွန်တော်တို့လိုပဲ ဗိုလ်လုပွဲတက်ရောက်ဖို့ နှစ်ပွဲသာကစားသွားရပါတော့မယ်။ အတိတ်မှာကစားခဲ့တဲ့ပွဲစဉ်တွေက အရေးမကြီးပါဘူး။ ဒါက ကျွန်တော့်အလုပ်လည်း မဟုတ်လို့ စဉ်းစားနေဖို့လည်း မရှိပါဘူး။ ကျွန်တော်ကတော့ ကျွန်တော့်အသင်းအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်”လို့ ပြောပါတယ်။