
အယ်လ်ဟီလယ်နည်းပြဟောင်း ဂျော့ဂျ်ဂျီးဆပ်ကို နည်းပြသစ်အဖြစ်ခန့်အပ်လိုက်တဲ့ အယ်လ်နာဆာ
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာဟာ ပြိုင်ဘက် အယ်လ်ဟီလယ်နည်းပြဟောင်း ဂျော့ဂျ်ဂျီးဆပ်ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီလို့သိရပါတယ်။ ဂျီးဆပ်ဟာ ပေါ်တူဂီလူမျိုးဖြစ်တာကြောင့် အယ်လ်နာဆာအသင်းရဲ့စူပါစတား ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ အချိတ်အဆက်ကောင်းကောင်းမိနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
ဂျီးဆပ်ဟာ ဆော်ဒီပရိုလိဒ်သို့ နည်းပြအနေနဲ့ ၃ ကြိမ်မြောက်ပြန်လာခဲ့ဖြစ်ပြီး ပေါ်တူဂီသားဟာ ယခင်က ၂၀၁၈-၁၉ မှာ အယ်လ်ဟီလယ်ကို ပထမဆုံးအကြိမ်အဖြစ် ၁ ရာသီကြာကိုင်တွယ်ခဲ့ဖူးပါတယ်။ ထို့နောက် ၂၀၂၃ ခုနှစ်မှာတော့ ဂျီးဆပ်ဟာ အယ်လ်ဟီလယ်ကိုပဲ ဒုတိယအကြိမ်ထပ်မံကိုင်တွယ်ခဲ့ပြီး ၂ ရာသီအတွင်း ဆော်ဒီပရိုလိဂ်အမှတ်ပေးဖလား၊ ဘုရင့်ဖလားနဲ့ ဆော်ဒီစူပါဖလားတို့ကိုဆွတ်ခူးအောင်မြင်ခဲ့ပါတယ်။
ယခုတစ်ပတ်အစောပိုင်းမှာ အယ်လ်နာဆာဟာ နည်းပြ စတီဖန်နိုပီအိုလီကို ရာထူးမှထုတ်ပယ်ကြောင်းကြေညာထားခဲ့ပြီး ယခုအခါမှာ ချက်ချင်းဆိုသလို ဂျီးဆပ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ပီအိုလီလက်ထက်မှာ အယ်လ်နာဆာဟာ ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာသာရပ်တည်နိုင်ခဲ့သလို၊ ဘုရင့်ဖလားနဲ့ အေအက်ဖ်စီချန်ပီယံလိဂ်တွေမှာလည်း အောင်မြင်မှုမရခဲ့ပါဘူး။
အယ်လ်ဟီလယ်နဲ့လမ်းခွဲခဲ့တဲ့ ဂျီးဆပ်ကို ဘရာဇီးလက်ရွေးစင်အသင်းက ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာ ရီးရဲလ်မက်ဒရစ်မှထွက်ခွာလာခဲ့တဲ့ ကာလိုအန်ဆယ်လော့တီကိုသာ နည်းပြသစ်အဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဂျီးဆပ်လိုထိပ်တန်းနည်းပြတစ်ဦးကိုခန့်အပ်နိုင်ခဲ့ခြင်းက အယ်လ်နာဆာအတွက် ဆုဖလားအောင်မြင်မှုရရှိဖို့ အခွင့်အရေးဖြစ်လာနိုင်ပြီး ပေါ်တူဂီသားဟာ ကလပ်ရဲ့ထိပ်သီးကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒို၊ ဆာဒီယိုမာနေး၊ လာပေါ်တေးတို့နဲ့လက်တွဲသွားရမှာဖြစ်ပါတယ်။