
ဒဏ်ရာပြဿနာကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့မသေချာတဲ့ ကော်တိုရစ်
ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တိုရစ်ဟာ တင်ပါးဆုံဒဏ်ရာပြဿနာကြောင့် ယခုလအတွင်းကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မသေချာသေးဘူးလို့သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ နည်းပြသစ်ဇာဘီအလွန်ဆိုရဲ့ဦးဆောင်မှုနဲ့အတူ ကလပ်ကမ္ဘာ့ဖလားကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အလွန်ဆိုတစ်ယောက် ရီးရဲလ်နည်းပြဘဝ ပထမဆုံးအကြိမ် စမ်းသပ်မှုမှာ အောင်မြင်မှုရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီကို ရီးရဲလ်မက်ဒရစ်ဟာ ဆုလားလက်မဲ့နဲ့ဖြတ်သန်းခဲ့ရပြီး နည်းပြ ကာလိုအန်ဆယ်လော့တီကလည်း ဘရာဇီးလက်ရွေးစင်အသင်းသို့ပြောင်းရွှေ့သွားတာကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နည်းပြသစ်အလွန်ဆိုနဲ့အတူ ဆုဖလားအောင်မြင်မှုရရှိအတွက် မျှော်လင့်နေမှာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းရဲ့အကောင်းဆုံးလူစာရင်းကို ရွေးချယ်ထားတယ်လို့သိရပြီး အသစ်ခေါ်ယူထားခဲ့တဲ့ ထရန့်အလက်ဇန်းဒါးအာနိုးလ်နဲ့ ဒင်းန်ဟွိုင်ဆန်တို့ကိုလည်း လူစာရင်းထဲမှာ ထည့်သွင်းထားခဲ့ပြီဖြစ်ပါတယ်။
သို့သော်လည်း ရီးရဲလ်အနေနဲ့ အသင်းရဲ့ဂိုးသမား ကော်တိုရစ်ကိုတော့ ဒဏ်ရာပြဿနာကြောင့် လူစာရင်းမှာ ထည့်သွင်းနိုင်ဖို့ မသေချာသေးဘူးလို့သိရပါတယ်။ ကော်တိုရစ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ကလပ်ကမ္ဘာ့ဖလားအတွက်ပါဝင်နိုင်ဖို့မသေချာသေးပေမယ့် ယခုတစ်အတွင်းကစားသွားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် ဘယ်လ်ဂျီယံအသင်းမှာ ပြန်လည်ရွေးချယ်ခံထားရတယ်လို့သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဘက်ကတော့ ကစားသမားဟာ တင်ပါးဆုံရိုးဒဏ်ရာကြောင့် ဘယ်လ်ဂျီယံအသင်းနဲ့ ချိတ်ဆက်သွားမှာမဟုတ်ကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။ ပုံစံအသစ်နဲ့ယှဉ်ပြိုင်သွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ဟာ အယ်လ်ဟီလယ်၊ ဆဲလ်ဘတ်၊ ပါချူကာတိုနဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး ဇွန်လ ၁၈ ရက်နေ့မှာ အယ်လ်ဟီလယ်နဲ့စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ဇွန်လပထမရက်သတ္တပတ်အတွင်းမှာ နိုင်ငံတကာပွဲစဉ်တွေရှိနေတာကြောင့် လောလောဆယ်မှာတော့ အလွန်ဆိုအနေနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမယ့် ရီးရဲလ်မက်ဒရစ်ရဲ့လူစာရင်းကို အပြီးသတ်မရွေးချယ်ရသေးဘူးလို့သိရပါတယ်။