The network connection is lost.

Banner Image

နာပိုလီအနာဂတ်အတွက် စိတ်ဆန္ဒချင်းတစ်ထပ်တည်းကျရောက်နေတဲ့ ကွန်တီနဲ့ ဒီလော်ရန်းတစ်

အသင်းဥက္ကဌဒီလော်ရန်းတစ်နဲ့အတူ အနာဂတ်အတွက် တူညီတဲ့အမြင်မျိုးရှိနေမှုကြောင့် နာပိုလီမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အန်တိုနီယိုကွန်တီက ရှင်းပြပါတယ်။ အင်္ဂါနေ့အစောပိုင်းသတင်းတွေအရ ကွန်တီနဲ့ နေပယ်လ်အခြေစိုက်ကလပ်အသင်းတို့ လမ်းခွဲမယ်လို့ သတင်းရင်းမြစ်တွေကိုယ်တိုင် ယူဆခဲ့ပေမယ့် ပြီးခဲ့တဲ့ ၄၈ နာရီကာလအတွင်းမှာ အခြေအနေတွေအားလုံး လုံးဝပြောင်းလဲသွားခဲ့ပါတယ်။

နှစ်ဖက်အကြားတင်းမာမှုတွေက လပေါင်းများစွာ ရှည်ကြာကြီးထွားလာပေမယ့် စကူဒက်တိုအောင်ပွဲအပြီး ကွန်တီက သူ့ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲကာ မာရာဒိုနာကွင်းကြီးမှာဆက်ရှိနေမယ်လို့ ကတိပြုခဲ့ပါတယ်။ ကြာသပတေးနေ့ညနေခင်း၊ Sky Sport Italia နဲ့တွေ့ဆုံချိန် ကွန်တီက “ ဘောလုံးရာသီတစ်ခုပြီးဆုံးချိန်တိုင်း နည်းပြနဲ့ ကလပ်အသင်းအကြား ဆွေးနွေးမှုတစ်ခု ရှိပါတယ်။ ပြီးဆုံးသွားတဲ့ ဘောလုံးရာသီအပေါ် ပြန်လည်သုံးသပ်ဖို့အပြင် အောင်ပွဲတွေရယူဖို့ တူညီတဲ့အမြင်မျိုး၊ အနာဂတ်အတွက် တူညီတဲ့အမြင်မျိုး ရှိသလားဆိုတာ ဆွေးနွေးကြရပါတယ်။

ကျွန်တော်တို့တွေက စိတ်အားထက်သန်တဲ့ပုဂ္ဂိုလ်တွေဖြစ်လို့ ကျွန်တော်တို့အကြားမှာတူညီတဲ့အမြင်မျိုး ရှိပါတယ်။ကျွန်တော်တို့ ဒီအကြောင်းအရာကို ဆွေးနွေးပြီး ကုန်ဆုံးသွားတဲ့ဘောလုံးရာသီအတွက် အပေါင်းလက္ခဏာဆောင်တဲ့ကိစ္စရော၊ အနုတ်လက္ခဏာဆောင်တဲ့ကိစ္စရော အကုန်လုံးကို အကဲဖြတ်ပါတယ်။

စကူဒက်တိုချန်ပီယံဆုနဲ့အတူ အောင်ပွဲခံရတာ အံ့သြစရာကောင်းသလို မယုံကြည်နိုင်စရာလည်း ကောင်းပါတယ်။ ဒီနေရာမှာ နာပိုလီအတွက် ခိုင်မာတဲ့အခြေခံအုတ်မြစ်တွေ ဆက်လက်တည်ဆောက်သွားဖို့နဲ့ နေပယ်လ်သားတွေ ဂုဏ်ယူရအောင် လုပ်ပေးမယ်ဆိုတဲ့ တူညီတဲ့ရည်မှန်းချက်စိတ်ဆန္ဒတွေ ရှိပါတယ်”လို့ ပြောပါတယ်။

သတင်းတွေအရ ဒီလော်ရန်းတစ်က ကွန်တီရဲ့လစာငွေကြေးကို တိုးမြှင့်ပေးရုံမက အပြောင်းအရွှေ့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့၊ အခုဘောလုံးရာသီဝေဖန်မှုမျိုးစုံနဲ့ရင်ဆိုင်ခဲ့ရတဲ့ လေ့ကျင့်ရေးကွင်းများပြုပြင်ဖို့အတွက်ပါ သဘောတူခဲ့တယ်လို့ သိရပါတယ်။

နာပိုလီဥက္ကဌက “ အရေးကြီးတဲ့ဘောလုံးရာသီတစ်ခု ကျွန်တော်တို့ကို စောင့်ဆိုင်းနေပါပြီ။ လာမယ့်ဘောလုံးရာသီ၊ ဆုဖလားပြိုင်ပွဲတိုင်းမှာ အနိုင်ရရှိဖို့အတွက် ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ ကွန်တီမှာ အာမခံချက်တစ်ခု ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကွန်တီကို အပြည့်အဝထောက်ခံပြီး အသင်းတိုးတက်လာဖို့သာမက ရလဒ်ကောင်းတွေပါ ဖန်တီးနိုင်ဖို့အတွက် သူလိုချင်သမျှအရာအားလုံးကို ဖြည့်ဆည်းပေးသွားပါမယ်”လို့ Sky Sport Italia ဆီ ပြောကြားပါတယ်။

အခုဆုံးဖြတ်ချက်မတိုင်ခင်ကာလတွေမှာတော့ ကွန်တီက ဂျူဗင်တပ်စ်ဆီ ထွက်ခွာပြီး နာပိုလီနည်းပြရာထူးအတွက် အယ်လီဂရီရောက်ရှိလာလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အယ်လီဂရီက အေစီမီလန်နည်းပြအဖြစ်တာဝန်ယူဖို့သာ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ နှစ်နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။