
ယူနိုက်တက်စတားအပြောင်းအရွှေ့အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ရိုမာနို
သတင်းတွေအရ နာပိုလီအသင်းဟာ ယူနိုက်တက်စတား ဂါနာချိုကို ခေါ်ယူဖို့ ချိတ်ဆက်နေဆဲလို့ သိရပါတယ်။ ဂါနာချိုဟာ အခုနွေရာသီမှာ ယူနိုက်တက်နေထွက်ခွာဖို့ပြင်ဆင်နေတဲ့ကစားသမား ၅ ဦးထဲက ၁ ဦးလည်းဖြစ်ပါတယ်။ အာဂျင်တိုင်းသားဟာ အာမိုရင်နဲ့လည်းအဆင်မပြေဖြစ်နေပြီး နာပိုလီအသင်းက ချိတ်ဆက်နေတာဖြစ်ပါတယ်။ တန်ဟက်လက်အောက်မှာ ယူနိုက်တက်ကို ဦးဆောင်နိုင်ခဲ့ပေမယ့် အာမိုရင်ရောက်လာချိန်မှာတော့ ပွဲထွက်ခွင့်ပါသိပ်မရတော့သလို ယူရိုပါလိဂ်ဖိုင်နယ်မှာလည်း မပါဝင်ခဲ့တာဖြစ်ပါတယ်။
နာပိုလီဥက္ကဌ ဒီလော်ရန်တစ်က အသက် ၂၁ နှစ်သားကိုခေါ်ယူချင်နေပေမယ့် အပြောင်းအရွှေ့အကျော်အမော် ရိုမာနိုကတော့ အဆိုပါမှတ်ချက်ကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ Daily Mail သတင်းဌာနနဲ့အင်တာဗျူးမှာ ဒီလော်ရန်တစ်က “ဂါနာချိုမှာက ပြေးအား ၊ အလားအလာအပြင် အရည်အချင်းကောင်းတွေရှိပါတယ်။ ဒါပေမယ့် အဲ့တာတွေကြောင့်ပဲ ကျွန်တော်သူ့ကိုလိုချင်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ လိုချင်တာကဘာလို့လဲဆိုတော့ သူကယူနိုက်တက်ကဖြစ်နေလို့ပါ။ သူသာအသင်းကနေထွက်ခွာမယ်ဆိုရင် မတူညီတဲ့ကစားသမားဖြစ်လာနိုင်ပါတယ်။ အဲ့တာက ယူနိုက်တက်မှာရှိနေတဲ့အမှားပါ။ ကျွန်တော်ရှင်းပြလို့မရနိုင်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။
ရိုမာနိုကတော့ တွစ်တာကနေ ဒီလော်ရန်တစ်မှတ်ချက်နဲ့ပတ်သက်ပြီး “နာပိုလီဥက္ကဌက ဘာကြေညာချက် အင်တာဗျူးမှာမလုပ်ထားပါဘူး။ ဂါနာချိုကိုခေါ်ယူဖို့ နာပိုလီက မလုပ်ဆောင်နေပါဘူး”လို့ ဆိုလိုက်ပါတယ်။ မကြာသေးခင်တုန်းက အသင်းဖော် ရက်ရှ်ဖို့ဒ်ရဲ့ဗီလာအကျီကိုဝတ်ဆင်ခဲ့ပြီးနောက် နွေရာသီတစ်လျှောက်လုံးလူမှုမီဒီယာကနေတစ်ဆင့် ဂါနာချိုကို ယူနိုက်တက်ပရိသတ်တွေက ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ အင်္ဂလန်သားကလည်း အခုနွေရာသီမှာ ယူနိုက်တက်ကနေထွက်ခွာမယ့်ကစားသမားတစ်ဦးဖြစ်ပါတယ်။