ဘရာဇီးကို သရေကစားပြီး အုပ်စုပထမနဲ့ နောက်တစ်ဆင့်တက်သွားတဲ့ ကိုလံဘီယာ
ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ကိုပါအမေရိက အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေမှာ နာမည်ကြီးဘရာဇီးက ကိုလံဘီယာကို သရေသာ ကစားနိုင်ခဲ့တာကြောင့် အုပ်စုဒုတိယနဲ့ ကျေနပ်ခဲ့ရပြီး ကိုလံဘီယာကတော့ ၂ ပွဲနိုင် ၁ ပွဲသရေ ရလဒ်နဲ့အတူ အုပ်စုပထမရခဲ့ပါတယ်။
အုပ်ပထမနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းလာနိုင်ခဲ့တဲ့ ကိုလံဘီယာဟာ ပနားမားနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဘရာဇီးကတော့ ခြေစွာနေတဲ့ ဥရုဂွေးနဲ့ ထိပ်တိုက်တွေ့ဆုံသွားတော့မှာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ၂ သင်းစလုံးဟာ ပွဲအစမှာ တိုက်စစ်ဖွင့်ပြီး ပေါ့ပေါ့ပါးပါးကစားခဲ့ကြတာကြောင့် အပြန်အလှန်ထိုးဖောက်မှုတွေမြင်တွေ့ခဲ့ရပြီး ၁၂ မိနစ်မှာပဲ ဘရာဇီးက ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး တောင်ပံကစားသမား ရာဖင်ဟာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း အုပ်စုပထမနေရာကို မဖြစ်မနေအရယူဖို့ အသေအကြေရုန်းကန်နေတဲ့ ကိုလံဘီယာက ပထမပိုင်းအတွင်းမှာပဲ ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် ဒန်နီရယ် မူနိုဇ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ထို့နောက် ဒုတိယပိုင်းမှာတော့ ၂ သင်းစလုံး အခွင့်အရေးကောင်းတွေ ဆက်လက်ဖန်တီးနိုင်ခဲ့ပေမယ့် ဖြုန်းတီးမှုတွေကြောင့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ပထမပိုင်းက ရလဒ်အတိုင်း ပွဲပြီးဆုံးခဲ့ပါတယ်။
အုပ်စုအတွင်း အခြားပွဲစဉ်မှာတော့ ကော်စတာရီကာက ခြေစွမ်းကောင်းနဲ့အတူ ပါရာဂွေးကိုအနိုင်ယူပြီး အုပ်စု တတိယနေရာ ရယူနိုင်ခဲ့ပါတယ်။ ကော်စတာရီကာအနေနဲ့ ပြိုင်ပွဲမှာ တတ်နိုင်သလောက် အမြင့်ဆုံးအခြေအနေနဲ့ အဆုံးသတ်နိုင်ဖို့ ခြေကုန်ထုတ်ကစားခဲ့ပြီး ပွဲအစတည်းက ပါရာဂွေးကို တစ်ဖက်သတ်ဖိအားပေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ပွဲအစ ၃ မိနစ်မှာပဲ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး နောက်ခံလူကယ်လ်ဗိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးရပြီးနောက်ပိုင်းမှာ ကော်စတာရီကာက တိုက်စစ်ဆက်လက်မြှင့်တင်ခဲ့တာကြောင့် ၅ မိနစ် အကြာမှာပဲ ဒုတိယဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ပထမပိုင်းအတွင်း ၂-၀ နဲ့ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပါရာဂွေးက ချေပဂိုးအတွက် ပိုမိုအားထုတ်လာခဲ့တာကြောင့် ပွဲကစားချိန် ၅၅ မိနစ်မှာ ချေပဂိုး တစ်ဂိုးပြန်လည် ရရှိခဲ့ပြီး ဆိုဆာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
နောက်တစ်ဆင့်ကို တက်ရောက်ဖို့ လုံးဝအခွင့်အရေးမရှိတော့တဲ့ ၂ သင်းစလုံးဟာ အကြိတ်အနယ်ကစားရင်း သွင်းဂိုးတွေထပ်မံရယူဖို့ကြိုးစားခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိလို့ ၂-၁ နဲ့သာပွဲပြီးဆုံးခဲ့ပါတယ်။