ပိုချက်တီနိုက အကောင်းဆုံးကစားသမားဖြစ်လာအောင် ပဲ့ပြင်ဆုံးမပေးခဲ့တယ်လို့ ဆိုလာတဲ့ ကိုးလ်ပယ်လ်မာ
မန်စီးတီးမှထွက်ခွာလာပြီးနောက် ပိုချက်တီနိုက သူ့ကို အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်လာအောင် ပဲ့ပြင်ဆုံးမပေးခဲ့တယ်လို့ ချဲလ်ဆီးကွင်းလယ်လူကိုးလ်ပယ်လ်မာက ဖွင့်ဟပြောကြားလာပါတယ်။
ပြီးခဲ့တဲ့နွေရာသီ၊ လက်ငင်းပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ ဖြင့် ရောက်ရှိလာတဲ့ အသက်-၂၁ နှစ်အရွယ်ကစားသမားက ချဲလ်ဆီးအတွက် ၁၂ ဂိုးအထိ သွင်းယူပေးထားပါတယ်။
ကွင်းလယ်ကစားသမားက ပက်ဂွါဒီယိုလာလက်အောက် မန်စီးတီးအတွက် ၄၁ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဖလားသုံးလုံးအောင်မြင်မှုမှာ အသင်းလူစာရင်းအတွင်း ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
BBC Sport နဲ့တွေ့ဆုံချိန် ပယ်လ်မာက ပိုချက်တီနိုဟာ ထိပ်တန်းနည်းပြတစ်ဦးဖြစ်သလို ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်တယ်လို့ ရှင်းပြပါတယ်။
Football Focus အစီအစဉ်မှာ ပယ်လ်မာက “ပိုချက်တီနိုက မိသားစုပြဿနာလို ကိစ္စမျိုးမှာတောင် ပြောဆိုဆွေးနွေးပေးပါတယ်။ ကွင်းပြင်ပကိစ္စရပ်တွေကို သိထားရင် ကွင်းတွင်းစွမ်းဆောင်တွေအပေါ် သက်ရောက်မှုရှိနိုင်တယ်ဆိုတာ သူသိထားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီအပိုင်းမှာတော့ သူက အရမ်းကောင်းပါတယ်”လို့ ဆိုပါတယ်။
ကလေးဘဝကတည်းက မန်စီးတီးအကယ်ဒမီမှာ တက်ရောက်ခဲ့တဲ့ ပယ်လ်မာက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ မန်စီးတီးအတွက် ၂၅ ပွဲကစားခဲ့ရာမှာ ခုနစ်ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရပါတယ်။
ပိုချက်တီနိုလက်အောက် ကွင်းတွင်းကွင်းပြင်ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေပြီး ငယ်ရွယ်နုပျိုတဲ့ ချဲလ်ဆီးအသင်းမှာတော့ ပယ်လ်မာက အဓိကကစားသမားတွေအနက် တစ်ဦးဖြစ်လာခဲ့ပါတယ်။ သူက အခုဘောလုံးရာသီ၊ လက်ရှိအချိန်အထိ ၃၁ ပွဲပါဝင်ကစားပေးထားကာ ၁၂ ဂိုးအထိသွင်းယူပြီး အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် ဖြစ်နေပါတယ်။
လီဗာပူးကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားဖိုင်နယ်ပွဲစဉ်မှာလည်း ပယ်လ်မာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။ ဒီနေ့ညပိုင်းမှာတော့ အမှတ်ပေးဇယားအဆင့်-၁၁ နေရာမှာရပ်တည်နေတဲ့ ချဲလ်ဆီးက ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။
အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာအောင် ပိုချက်တီနိုက ပဲ့ပြင်ဆုံးမပေးသလားဆိုတဲ့ မေးခွန်းကို ပယ်လ်မာက “အမှန်ပါပဲ၊ သူက ကျွန်တော့်ကို ကွင်းအတွင်းမှာ လွတ်လွတ်လပ်လပ်ကစားဖို့ ခွင့်ပြုပေးထားပါတယ်။ ဒါကို ကျွန်တော်ကြိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီလိုကစားရချိန် ကိုယ့်အစွမ်းအစတွေကို ပိုပြီးဖော်ပြပေးနိုင်တယ်လို့ ခံစားမိတာကြောင့် ဖြစ်ပါတယ်။
ကျွန်တော် ဒါကို ကြိုက်ပါတယ်။ နေ့စဉ်နေ့တိုင်း ပိုချက်တီနိုကတော့ မတူညီတဲ့အကြောင်းအရာတွေ ပြောပြပေးနေပါတယ်။ ဘောလုံးတင်မက ဘဝနဲ့သက်ဆိုင်တဲ့ကိစ္စတွေလည်း ပါဝင်ပါတယ်။ သူက ခံစားချက်တွေ ပိုကောင်းအောင် လုပ်ပေးတဲ့နေရာမှာ တော်သလို ကိုယ့်ရဲ့အကောင်းဆုံးပုံစံရရှိစေဖို့လည်း ကြိုးစားပေးနေပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် လူငယ်ကစားသမားလေးက ဆရာဟောင်းပက်ဂွါဒီယိုလာရဲ့ နည်းပြအရည်အသွေးပိုင်းကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ မန်စီးတီးက ပြီးခဲ့တဲ့ရာသီ၊ ပက်ဂွါဒီယိုလာလက်အောက်မှာ သုံးနှစ်ဆက်ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့သလို ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပယ်လ်မာက “မန်စီးတီးမှာ သင်ယူခဲ့ရတဲ့အရာတွေက ဘယ်နေရာမှာမှ သင်ယူလို့ရမှာမဟုတ်ပါဘူး။ အဲ့ဒီမှာ ရှိနေတဲ့ နည်းပြနဲ့ကစားသမားတွေက ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်တွေ ဖြစ်ပါတယ်။
ဒီနောက်မှာတော့ ကျွန်တော် ပွဲတွေကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ခံစားမိခဲ့သလို ချဲလ်ဆီးဆီ ပြောင်းရွှေ့သင့်တယ်လို့လည်း တွေးမိခဲ့ပါတယ်။ သီတင်းပတ်တိုင်း ဘောလုံးကစားဖို့ အဆင့်သင့်ဖြစ်နေပြီလို့ တွေးခဲ့မိရုံလေးပါပဲ”လို့ ဆက်ပြောခဲ့ပါတယ်။