
ဂတ်ပိုနဲ့ ကာလရှည်စာချုပ်သက်တမ်းတိုးမြှင့်လိုက်တဲ့ လီဗာပူး
၂၀၂၈ ခုနှစ်အထိ အန်ဖီးလ်မှာ ဆက်ရှိနေစေမယ့် ကာလရှည်စာချုပ်သစ်တစ်ရပ်ကို ကြယ်ပွင့်တိုက်စစ်မှူးဂတ်ပို လက်မှတ်ရေးထိုးလိုက်ပြီလို့ ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးအသင်းက တရားဝင်ကြေညာခဲ့ပါတယ်။ ယာဂန်ကလော့ပ်လက်အောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း အသင်းဆီရောက်ရှိလာခဲ့တဲ့ ဒတ်ချ်တိုက်စစ်မှူးက နည်းပြသစ်အန်းစလော့လက်အောက်မှာတော့ ပုံမှန်ပွဲထွက်ခွင့်ရရှိသူဖြစ်လာပြီး သူ့ရဲ့အနာဂတ်ကို ကြိုးကြာနီတွေဆီမှာ မြှုပ်နှံသွားဖို့ ကတိကဝတ်ပြုခဲ့ပါတယ်။
လီဗာပူးအသင်းဘက်ကလည်း ဂတ်ပိုနဲ့ ကာလရှည်စာချုပ်သက်တမ်းတိုးမြှင့်နိုင်မှုကို တရားဝင်ကြေညာခဲ့ပါတယ်။ ကလပ်အသင်းရဲ့ထုတ်ပြန်ချက်မှာ “ ကိုဒီဂတ်ပိုက လီဗာပူးအသင်းမှာ ကာလရှည်ရှိနေဖို့ စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ တိုက်စစ်မှူးက လွန်ခဲ့တဲ့စနေနေ့၊ AXA လေ့ကျင့်ရေးကွင်းမှာ သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် အသင်းနဲ့အတူ နောက်ထပ်နှစ်နှစ်ခွဲတာကာလအထိ ဆက်ရှိနေဖို့ သေချာသွားခဲ့ပါတယ်”လို့ ဖော်ပြပါရှိပါတယ်။
စာချုပ်သစ်မှာ လက်မှတ်ရေးထိုးပြီးနောက် ဂတ်ပိုက “ အခုလိုလှပလွန်းတဲ့ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်နိုင်တာ အံ့မခန်းပါပဲ။ ကျေးဇူးတင်မိသလို ဒီထက်ပိုပြီးတော့လည်း ခမ်းနားလှပတဲ့အခိုက်အတန့်တွေဖန်တီးပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။ ဒီကလပ်အသင်းကို ကျွန်တော်အပါအဝင် ကျွန်တော့်ရဲ့မိသားစုဝင်အကုန်လုံးက ကိုယ့်ရဲ့အိမ်လိုပဲ ခံစားမိပါတယ်။ ဒါကလည်းပဲ ကြီးမားတဲ့အကြောင်းပြချက်တစ်ခုအဖြစ် အမြဲတမ်းရှိနေပါလိမ့်မယ်။ သူတို့ရဲ့ခံစားချက်တွေ ကောင်းမွန်နေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အသင်းဖော်ကောင်းတွေနဲ့အတူ ကလပ်အသင်းမှာ ပျော်ရွှင်နေပါတယ်။ ဒါကြောင့် အခုလက်ရှိပတ်ဝန်းကျင်က ပျော်စရာကောင်းပါတယ်။ အခုလိုစာချုပ်သက်တမ်းတိုးမြှင့်နိုင်လို့ အရမ်းကျေးဇူးတင်ပါတယ်” လို့ ကလပ်အသင်းဝက်ဘ်ဆိုဒ်ဆီ ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်ခွဲတုန်းက ပီအက်စ်ဗွီမှ မာဆေးဆိုဒ်ဆီ ရောက်ရှိလာပြီးနောက်ပိုင်း ဂတ်ပိုက ပြိုင်ပွဲစုံ ၁၃၁ ပွဲအထိ ပါဝင်ကစားကာ ၄၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူက လီဗာပူးအသင်းနဲ့အတူ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ကာရာဘောင်ဖလားချန်ပီယံဆု၊ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အသင်းသမိုင်းတလျှောက်စံချိန်တင် အကြိမ်(၂၀)မြောက် အင်္ဂလန်အဆင့်မြင့်တန်းချန်ပီယံဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ကြိုးကြာနီတွေက ဒီနေ့ညပိုင်း၊ အန်ဖီးလ်ကွင်းမှာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းကို ဆင်နွှဲသွားရပါမယ်။