The network connection is lost.

Banner Image

ပီအက်စ်ဂျီအသင်းအပေါ် ဒမ်ဘီလီရဲ့လွှမ်းမိုးနိုင်စွမ်းကို ချီးကျူးလိုက်တဲ့ နည်းပြလူးဝစ်အင်းနရစ်

ဒီနေ့မနက်ပိုင်း၊ ဘရက်စ်မြို့မှာ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်အတွင်း အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့တဲ့ တောင်ပံကစားသမားဒမ်ဘီလီကို ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ပါရီအခြေစိုက်ကလပ်က ပွဲချိန်တလျှောက်လုံး ဘရက်စ်အသင်းခံစစ်ပိုင်းကို ဒုက္ခပေးခဲ့တဲ့ ဒမ်ဘီလီရဲ့ခြေစွမ်းနဲ့အတူ ၃-၀ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပွဲစဉ်အပြီး အင်းနရစ်က နောက်ဆုံးကစားခဲ့တဲ့ ၁၁ ပွဲမှာ ၁၈ ဂိုးအထိသွင်းယူထားနိုင်တဲ့ အသက်-၂၇ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် လူးဝစ်အင်းနရစ်က “ခရစ္စမတ်ကာလမှာ ဒမ်ဘီလီတစ်ယောက် ဘာဆေးတွေ စားခဲ့သလဲဆိုတာ ခင်ဗျားတို့တော့ ကာယကံရှင်ဆီ မေးမြန်းသွားရပါမယ်။ သူက ယုံကြည်မှုအပြည့်ရှိနေတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။  ငယ်ငယ်တုန်းက PlayStation ကစားခဲ့ရသလိုပါပဲ၊ သူက ပွဲစဉ်ကိုအပြောင်းအလဲဖြစ်ဖို့ ရွေးချယ်နိုင်တဲ့ ကစားသမားမျိုး ဖြစ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက သူ့အတွက် ကောင်းခဲ့တယ်ဆိုပေမယ့် ၂၀၂၅ ခုနှစ်မှာ ဒမ်ဘီလီရဲ့ခြေစွမ်းတွေ ပိုကောင်းလာခဲ့ပါပြီ။ သူ့ရဲ့အသင်းဖော်တွေက သူ့ကိုပဲ ရှာနေကြတယ်ဆိုတာ ခင်ဗျားတို့လည်း မြင်တွေ့နိုင်ပါတယ်။ သူ့ဆီမှာ ပြောစရာမလိုတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုး ရှိပါတယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းက ဖေဖော်ဝါရီ ၁၉ ရက်၊ အိမ်ကွင်းပွဲစဉ်အတွက် အရာရာချောမွေ့သွားစေသလို လူးဝစ်အင်းနရစ်ကိုယ်တိုင်လည်း ပီအက်စ်ဂျီအသင်းအနေဖြင့် ချန်ပီယံလိဂ်နောက်ဆုံး ၁၆-သင်းအဆင့်ဆီ တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းသွားပြီလို့ ဝန်ခံခဲ့ပါတယ်။ သူက “ အသင်းကို ပိုကောင်းအောင်လုပ်ပေးတဲ့ စည်းလုံးညီညွှတ်မှုတစ်ခု ရှိပါတယ်။ ဘရက်စ်ကလည်း ကျွန်တော်တို့ကို ဒုက္ခပေးခဲ့ပြီး ကျွန်တော်တို့ ကောင်းကောင်းခုခံကာကွယ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက တိုက်စစ်ကစားဖို့အတွက် တည်ဆောက်ထားခဲ့တယ်။ ကျွန်တော်တို့တွေ အရမ်းကောင်းတဲ့ပြေးလမ်းတစ်ခုအပေါ် ရောက်ရှိနေပါပြီ”လို့ ပြောပါတယ်။

တဖက်မှာလည်း ဒမ်ဘီလီက သူ့ရဲ့ပုံစံကောင်းရရှိမှုအတွက် အသင်းဖော်တွေကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ လီဂူးဝမ်းပြိုင်ဘက်ချင်းထိပ်တိုက်တွေ့ဆုံချိန် နိုင်ပွဲရရှိပြီးနောက် သတင်းထောက်တွေဆီ ဒမ်ဘီလီက “သိပ်တော့ မလွယ်ကူခဲ့ပါဘူး။ ဘရက်စ်ကလည်း ကျွန်တော်တို့အကြောင်း ကောင်းကောင်းသိတဲ့ အသင်းတစ်ခုဖြစ်ပါတယ်။ 
ကျွန်တော်တို့တွေ ပွဲအစမှအဆုံးအထိ အလုပ်ကို ပြီးမြောက်အောင်လုပ်သွားဖို့ပဲ အာရုံစိုက်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲက မပြီးဆုံးသေးပါဘူး။ ပါရီမှာကစားမယ့်ပွဲစဉ်ကို ကျွန်တော်တို့တွေ အာရုံစိုက်ထားရပါမယ်။

အသင်းမှာ အရှိန်အဟုန်ကောင်းတစ်ခု ရှိနေပြီလို့ ထင်ပါတယ်။ လူတိုင်းက အကောင်းဆုံးကစားနိုင်ဖို့ပဲ အာရုံစိုက်ထားပြီး ဒါကပဲ ကျွန်တော်သာ အခွင့်အရေးတွေကို အသုံးချနိုင်ဖို့ နေရာကောင်းမှာရှိနေရင် ဂိုးတွေသွင်းယူနိုင်ဖို့အတွက် အကူအညီပေးခဲ့ပါတယ်”လို့ ပြောပါတယ်။