The network connection is lost.

Banner Image

မဖြစ်မနေနိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ကစားခဲ့တယ်လို့ ဆိုလာတဲ့ ဖာနန်ဒက်စ်

သောကြာနေ့နံနက်က ရီးရဲလ်ဆိုစီဒက်ကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အတွက် ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူ့အနေနဲ့ မဖြစ်မနေနိုင်ပွဲရရှိရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ကစားခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ပထမအကျော့စပိန်မြေမှာ ဆိုစီဒက်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ယူနိုက်တက်ဟာ ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာတော့ ဂိုးပြတ်အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၂ နဲ့နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ နောက်လမှာကျင်းပသွားမယ့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဆင့်မှာ ပြင်သစ်ကလပ် လိုင်ယွန်နဲ့ထိပ်တိုက်တွေ့ဆုံသွားရပါမယ်။ 

အာမိုရင်ရဲ့အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရရှိခဲ့တာဖြစ်ပြီး ယခု ဆိုစီဒက်နဲ့ပွဲစဉ်မှာတော နိုင်ပွဲပြန်လည်ဖော်ဆောင်နိုင်ခဲ့ပြီး အသင်းရဲ့နိုင်ပွဲအတွက် အဓိကကျခဲ့တဲ့ကစားသမားကတော့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ဖြစ်ပါတယ်။  ပွဲအပြီးမှာ ဖာနန်ဒက်စ်က “ယူနိုက်တက်က နိုင်ပွဲတွေနဲ့ပဲ ဖြစ်ရမယ့်အသင်းပါ။ ကျွန်တော်တို့နိုင်ပွဲရရှိဖို့လိုအပ်ပါတယ်။ ရာသီကုန်ဖို့က ခရီးရှည်ကြီးကျန်ပါသေးတယ်။ ကျွန်တော်တို့မှာ စစ်မှန်တဲ့ယုံကြည်ချက်ရှိရင် နိုင်ပွဲတွေရရှိမယ်ဆိုတဲ့ စိတ်ဓာတ်ကိုထည့်သွင်းထားလို့ပါတယ်။ ဒီလိုခြေစွမ်းမျိုးနဲ့ ရလဒ်မျိုးကိုပုံဖော်နိုင်ခဲ့တာ ကျွန်တော်တို့ရဲ့ယုံကြည်မှုကို တိုးတက်စေပါတယ်။

 အသင်းကလည်း တိုးတက်နေပါပြီ။ ဒါပေမယ့် တိုးတက်မှုဆိုတာ ရလဒ်ကောင်းမှမြင်ရတတ်တဲ့အရာပါ။ ဒီကလပ်မှာ ရလဒ်တွေကိုပဲကြည့်ပြီး လူတွေကဆုံးဖြတ်ကြပါတယ်” လို့ပြောကြားခဲ့ပါတယ်။  လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အသင်းရဲ့ယာယီနည်းပြဟောင်း ဗန်နစ္စတယ်ရွိုင်းဦးဆောင်နေတဲ့ လက်စတာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။