
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ရာသီဥတုဆိုးရွားမှုများက ပြင်းထန်စွာ ခြိမ်းခြောက်နေ
အမေရိကန်ပြည်ထောင်စုမှာ ကျင်းပနေတဲ့ FIFA ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ပွဲစဉ်အချို့ ရပ်နားခဲ့ရသလို၊ လာမယ့်အပတ် အပူလှိုင်းကြောင့် ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်တာကြောင့် ရာသီဥတုဆိုးရွားမှုတွေက ခြိမ်းခြောက်နေပါတယ်။
ပြိုင်ပွဲမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ပွဲစဉ်လေးပွဲ ရပ်နားခဲ့ရပါတယ်။
အထူးသဖြင့် ဘင်ဖီကာနဲ့ အောက်ကလန်စီးတီးတို့ရဲ့ အုပ်စု (C) ပွဲစဉ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်တာတွေကြောင့် ဒုတိယပိုင်းကို နှစ်နာရီကျော်ကြာမှ ပြန်လည်စတင်နိုင်ခဲ့ပါတယ်။ အလားတူ မာမီလိုဒီနဲ့ အူလ်ဆန်ဟွန်ဒိုင်းအသင်းတို့ရဲ့ပွဲစဉ်မှာလည်း တစ်နာရီကျော်ကြာ ရပ်နားခဲ့ရပါတယ်။ နယူးဂျာစီမှာကျင်းပတဲ့ ပါးမီးရက်စ်နဲ့ အယ်လ်အာလီတို့ပွဲစဉ်မှာ မိနစ် ၄၀ ခန့်နဲ့ စင်စင်နာတီမှာကျင်းပတဲ့ ဆဲလ်ဘတ် နဲ့ ပါချူကာတို့ရဲ့ပွဲစဉ်မှာ မိနစ် ၉၀ ခန့် ရပ်နားခဲ့ရပါတယ်။
ဘင်ဖီကာနည်းပြ ဘရူနိုလာ့ဂ်ျက သူ့အသင်းရဲ့ပွဲစဉ်ဟာ "ကျွန်တော့်ရဲ့နည်းပြဘဝတစ်လျှောက် အရှည်ကြာဆုံးပွဲစဉ်ပါပဲ" လို့ ပြောကြားခဲ့ပြီး ငါးနာရီကြာအောင် စောင့်ဆိုင်းခဲ့ရတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။ သူက အခြေအနေတွေက အရမ်းခက်ခဲကြောင်းနဲ့ "အပူချိန်ကြောင့် အရမ်းကိုခက်ခဲခဲ့ပါတယ်" လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ရာသီဥတုဆိုးရွားမှုတွေကြောင့် အမေရိကန်နိုင်ငံရဲ့ အချို့နေရာတွေမှာ လာမယ့်အပတ် အပူလှိုင်းဝင်ရောက်လာနိုင်ပြီး အပူချိန် ၄၁°C အထိမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဖောဆယ်ဖရီးဘောလုံးလှုပ်ရှားမှုအဖွဲ့က လာမယ့်ပွဲစဉ် ၁၀ ပွဲမှာ အပူရှိန်ပြင်းထန်မှုဒဏ်ခံရနိုင်တယ်လို့ "အထူးစိုးရိမ်ကြောင်း" ပြောကြားခဲ့ပါတယ်။ အဆိုပါအဖွဲ့က အရိပ်ရရှိမှုမရှိတဲ့ ချားလော့တ်ကွင်းမှာကစားမယ့် ပွဲစဉ်တွေ (ရီးရဲလ်မက်ဒရစ်နဲ့ ပါချူကာတို့ပွဲစဉ်မှာ အပူချိန် ၃၈°C နဲ့ ဘင်ဖီကာနဲ့ ဘိုင်ယန်မြူးနစ်တို့ပွဲစဉ်မှာ ၄၁°C) တို့ကို ထောက်ပြခဲ့ပါတယ်။ "ဒီအချက်က ဒီပြိုင်ပွဲနဲ့ ၂၀၂၆ ခုနှစ်မှာ ကစားသမားတွေနဲ့ ပရိသတ်တွေရင်ဆိုင်ရမယ့် အန္တရာယ်တွေကို မီးမောင်းထိုးပြနေတာဖြစ်ပြီး FIFA က ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေ အနည်းငယ်သာပြုလုပ်ခဲ့ပါတယ်" လို့ ဖော်ပြခဲ့ပါတယ်။
နယူးဇီလန်ကလပ် အောက်ကလန်စီးတီးနဲ့ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာတို့ရဲ့ပွဲစဉ်ကိုလည်း ကာကွယ်မှုအနည်းငယ်သာရှိတဲ့နေရာမှာ ၄၁°C အပူချိန်နဲ့ ကစားရဖို့ရှိနေပါတယ်။ အပူရှိန်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေကတော့ ပေါ်လွင်နေပြီး အက်သလက်တီကိုမက်ဒရစ်ကစားသမား မာကို့စ်လော်ရန်တေးက ပီအက်စ်ဂျီကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် (၃၂°C) မှာ "အရမ်းပူခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ပရိသတ်တွေက အပူဒဏ်ကြောင့် စောစီးစွာထွက်ခွာခဲ့ရပြီး ရေရရှိရေးအခက်အခဲတွေနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေရှိခဲ့ပါတယ်။
FIFA က စိုးရိမ်မှုတွေနဲ့ပတ်သက်ပြီး "ဘောလုံးမှာပါဝင်ပတ်သက်သူအားလုံးရဲ့ ကျန်းမာရေးက FIFA ရဲ့ အဓိကဦးစားပေးဖြစ်ပါတယ်" လို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေဟာ "အပူချိန်ကို ထိန်းချုပ်နိုင်ရေးနဲ့ လိုက်လျောညီထွေဖြစ်စေရေးအတွက် ပါဝင်ယှဉ်ပြိုင်တဲ့ကလပ်အသင်းတွေနဲ့ ပုံမှန်ဆက်သွယ်နေပါတယ်" လို့ ပြောကြားခဲ့ပြီး လိုအပ်ပါက ပွဲချိန် ၃၀ မိနစ်နဲ့ ၇၅ မိနစ်မှာ ရေသောက်ဖို့ အနားယူချိန်တွေ ဆက်လက်ပေးသွားမှာဖြစ်ပါတယ်။
ပရိသတ်တွေကိုလည်း တစ်လီတာအထိရှိတဲ့ ပလတ်စတစ်ပုလင်းတွေကို ယူဆောင်ခွင့်ပြုထားပါတယ်။ သို့သော် ရာသီဥတုအခြေအနေတွေကြောင့် ပွဲချိန်ဇယားတွေမှာ ပြဿနာတွေရှိလာပြီး ၂၀၂၆ ကမ္ဘာ့ဖလားကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက ပူးတွဲလက်ခံကျင်းပမှာဖြစ်တာကြောင့် ဒီပြဿနာတွေက အခက်အခဲတွေဖြစ်လာနိုင်ပါတယ်။ ရပ်နားထားရတဲ့ပွဲစဉ်တွေကြောင့် ကြေညာသူတွေနဲ့ ပြိုင်ပွဲစီမံခန့်ခွဲမှုတွေမှာလည်း အခက်အခဲတွေရှိလာနိုင်ပါတယ်။ ချဲလ်ဆီးည်းပြ အန်ဆိုမာရက်စ်ကာကလည်း ဖလာမင်ဂိုအသင်းကို ၁-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မတိုင်ခင် ရာသီဥတုဒဏ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး "အပူချိန်ကြောင့်တော့ ဒါကမလွယ်ကူပါဘူး" လို့ပြောကြားခဲ့ပြီး ကစားသမားတွေကို အလှည့်ကျအသုံးပြုသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။