ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ဘိုကာဂျူနီယာလူငယ်ကြယ်ပွင့်ကို ခေါ်ယူသွားဖို့ ချဲလ်ဆီး စဉ်းစားနေ
မကြာသေးခင်ကပဲ ဒဏ်ရာရရှိသွားတဲ့ ဘိုကာဂျူနီယာအသင်းလူငယ်ကစားသမား တိုမက်စ်အာရန်ဒါကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်း စဉ်းစားနေတယ်လို့ သိရပါတယ်။
အသက် ၁၉ နှစ်အရွယ်ကစားသမားက ဘိုကာဂျူနီယာအသင်းနဲ့အတူ လိဂ်ပွဲစဉ် ၂၀ ပွဲ ကစားထားရာမှာ တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုသုံးကြိမ်ပြုလုပ်ရင်း အလားအလာကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။
ဒါပေမဲ့လည်း ပြီးခဲ့တဲ့ဩဂုတ်လနှောင်းပိုင်း၊ လေ့ကျင့်ရေးကွင်းမှာ အာရန်ဒါက ညာခြေသလုံးရိုးကျိုးဒဏ်ရာရရှိခဲ့လို့ သူ့ရဲ့ဘောလုံးရာသီရာသီကို စောစောစီးစီး အဆုံးသတ်ခဲ့ရပါတယ်။
သတင်းတွေမှာလည်း အာရန်ဒါက ပြေးလမ်းကြောင်းပြောင်းလဲချိန် မြက်ခင်းပြင်မှာ ဘောလုံးကန်ဖိနပ် ညှပ်သွားရာမှတဆင့် အခုလိုဆိုးရွားလှတဲ့ ဒဏ်ရာကို ရရှိခဲ့တယ်လို့ ဖော်ပြကြပါတယ်။
အာဂျင်တီးနားသတင်းဌာနတစ်ခုဖြစ်တဲ့ El Crack Deportivo ရဲ့အဆိုအရ အာရန်ဒါရဲ့ဒဏ်ရာကြောင့် လာမယ့်ဇန်နဝါရီလမှာ ကစားသမားကိုခေါ်ယူမယ့် ချဲလ်ဆီးအသင်းရဲ့စိတ်အားထက်သန်မှု မလျော့ကျသွားဘူးလို့ သိရပါတယ်။
ပရီးမီးယားလိဂ်ဘီလူးကြီးက ဒီကွင်းလယ်တိုက်စစ်ကစားသမားကို အနီးကပ် ဆက်လက်စောင့်ကြည့်နေပြီး သူ့အတွက် ပေါင် ၁၁ သန်းဝန်းကျင် သုံးစွဲသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း ဒီစျေးနှုန်းနဲ့ရောင်းချဖို့ဆိုတာ ဘိုကာဂျူနီယာအတွက် ဆွဲဆောင်မှုတစ်ရပ် မဖြစ်လာခဲ့ပါဘူး။ ဘိုကာဂျူနီယာအသင်းဥက္ကဋ္ဌဂျူအမ်ရိုမန်ရီကွယ်လ်မီးက အာရန်ဒါကို လက်မလွှတ်ချင်ပေမဲ့ ကစားသမားစာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ပေါင် ၁၄ ဒဿမ ၇ သန်းကို ပေးချေလာမယ်ဆိုရင်တော့ သူတို့ဘက်မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူးလို့ ပြောပါတယ်။