
ပိုချက်တီနိုကို သွယ်ဝိုက်ဝေဖန်ပြီး အန်ဇို မာရက်စ်ကာရဲ့ နည်းဗျူဟာကို ချီးကျူးလိုက်တဲ့ ဂတ်စ်တို
ချဲလ်ဆီးနောက်ခံလူ မာလိုဂတ်စ်တိုဟာ အသင်းနည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနိုနဲ့ လက်ရှိနည်းပြ အန်ဇို မာရက်စ်ကာတို့အကြား နှိုင်းယှဉ်ပြသခဲ့ပြီး အာဂျင်တီးနားသားကို သွယ်ဝိုက်ဝေဖန်ခဲ့ပါတယ်။
ဂတ်စ်တိုဟာ ၂၀၂၃-၂၄ ရာသီမှာ ပိုချက်တီနိုလက်အောက် ချဲလ်ဆီးအသင်းအတွက် ပွဲဦးထွက်ခဲ့သူ ဖြစ်ပေမဲ့ ပြင်သစ်နောက်ခံလူက မာရက်စ်ကာရဲ့ နည်းဗျူဟာတွေက ပိုမိုသာလွန်ကြောင်း ချီးကျူးခဲ့ပြီး ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို အသင်းကို ပို့ဆောင်ပေးခဲ့တာအတွက်လည်း ဂုဏ်ပြုခဲ့ပါတယ်။ ဂတ်စ်တိုဟာ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ မာရက်စ်ကာလက်အောက် ချဲလ်ဆီးရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန်ပါဝင်ခဲ့ပြီး ယူရိုပါ ကွန်ဖရန့်စ်လိဂ်ကို ဆွတ်ခူးခဲ့တဲ့ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျင်းပတဲ့ ကလပ်ကမ္ဘာ့ဖလားမှာလည်း ပြင်သစ်ကစားသမားဟာ ချဲလ်ဆီးရဲ့ ပွဲစဉ်အားလုံးမှာ ပါဝင်ကစားခဲ့ပြီး အခုဆိုရင် ပီအက်စ်ဂျီ နဲ့ ဗိုလ်လုပွဲအတွက် အသင့်ဖြစ်နေပြီ ဖြစ်ပါတယ်။ နောက်ခံလူဟာ နောက်ထပ် ပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲကို အသင်းကို ပို့ဆောင်ပေးခဲ့တဲ့ ချဲလ်ဆီးနည်းပြကို ချီးကျူးခဲ့ရင်း နည်းပြဟောင်းကို သွယ်ဝိုက်ဝေဖန်ခဲ့ပါတယ်။
သူက သတင်းထောက်တွေကို "ဒီရာသီက ပြီးခဲ့တဲ့ရာသီနဲ့ နည်းနည်းတော့ ကွာခြားပါတယ်။ အသေးစိတ်အချက်အလက်တွေနဲ့ ကစားပုံအရဆိုရင် နည်းဗျူဟာပိုင်းဆိုင်ရာ ပိုများတယ်လို့ ပြောချင်ပါတယ်။ သူက ထိပ်တန်းနည်းပြတစ်ဦးပါ။ ဒါကြောင့်လည်း ကျွန်တော်တို့ ဗိုလ်လုပွဲရောက်နေတာပါ။ ဒါက သူ့ကြောင့်ပါ" လို့ ပြောကြားခဲ့ပါတယ်။
စတန်းဖို့ဒ်ဘရစ်ချ် မှာ ပုံမှန်ပွဲထွက်ခွင့်ရနေပေမဲ့ BILD က ပြီးခဲ့တဲ့ရက်သတ္တပတ်က ဖော်ပြခဲ့ရာမှာ ဘိုင်ယန်မြူးနစ် က အသက် ၂၂ နှစ်အရွယ် ကစားသမားကို စိတ်ဝင်စားမှု ပြသနေတာကြောင့် ဒီနွေရာသီမှာ သူအသင်းက ထွက်ခွာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဂျာမန်ထိပ်တန်းကလပ်ကတော့ အင်္ဂလိပ်အသင်းထံ တရားဝင် ကမ်းလှမ်းမှု မလုပ်သေးပါဘူး။ ချဲလ်ဆီးအသင်းဟာ ဒီတနင်္ဂနွေနေ့ နယူးဂျာစီပြည်နယ် မက်လိုက်ဖ် အားကစားကွင်းမှာ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ပီအက်စ်ဂျီနဲ့ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။