
ဂျေမီဂစ်တန်ကို ပေါင်သန်း ၅၅ သန်းနဲ့ ခေါ်ယူလိုက်တဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဒေါ့မွန်တောင်ပံကစားသမား ဂျေမီဂစ်တန်ကို ပေါင်သန်း ၅၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒေါ့မွန်အသင်းက ဒီသဘောတူညီချက်ကို အတည်ပြုခဲ့ပေမဲ့ စာချုပ်အသေးစိတ်အချက်အလက် အသေးစိတ်ကိုတော့ အပြီးသတ်လုပ်ဆောင်ဖို့ လိုအပ်ပါသေးတယ်။ ချဲလ်ဆီးဟာ နွေရာသီ အပြောင်းအရွှေ့အတွင်း ဂျာအိုပက်ဒရို၊ လီယမ်ဒီလပ်၊ ဝီလီယံအက်စ်တီဗာအို၊ ဒါရီယိုအက်စ်ဆူဂို၊ မာမာဒူဆားနဲ့ ကန်ဒရီပယ်ဇ်တို့အပါအဝင် ကစားသမားတော်တော်များများကို ခေါ်ယူထားခဲ့ပါတယ်။
ဒေါ့မွန်အားကစားဒါရိုက်တာ ဆီဘက်စတီယန်ခါးလ်က “ချဲလ်ဆီးနဲ့ ဆွေးနွေးမှုတွေက စိန်ခေါ်မှုတွေ ရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ရသလို အဲဒီနောက်မှာလည်း စီစဉ်ဆောင်ရွက်မှုဆိုင်ရာ လုံခြုံမှု ကို ရရှိနိုင်တဲ့အတွက် ကျွန်တော်တို့ ကျေနပ်ပါတယ်။ ဂျေမီဟာ ကျွန်တော်တို့ကို ပျော်ရွှင်မှုအများကြီး ပေးခဲ့တဲ့ ထူးချွန်တဲ့ကစားသမားတစ်ဦးပါ။ သူက အခု ချဲလ်ဆီးမှာ သူရဲ့ကစားသမားဘဝရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းချင်နေပြီး အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးသလို အောင်မြင်မှုတွေ အများကြီးရရှိပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
CEO လာ့စ်ရစ်ကင်ကလည်း "ဂျေမီဂစ်တန်ရဲ့ ကစားသမားဘဝဟာ ဒေါ့မွန်မှာ ထိပ်တန်းအရည်အချင်းတွေ ရရှိလာအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ ကစားသမားတွေထဲ စံပြဖြစ်ခဲ့ပါတယ်။ ဂျေမီကို ကျွန်တော်တို့က အစောကြီးကတည်းက တွေ့ရှိခဲ့ပြီး တကယ်လက်လွတ်မခံဘဲ ခေါ်ယူခဲ့ပါတယ်။ လူငယ်အကယ်ဒမီမှာ သူ့ကို စဉ်ဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်ပေးခဲ့သလို သူ့ကို ပရော်ဖက်ရှင်နယ်အသင်းနဲ့လည်း အမြင့်ဆုံးအဆင့်မှာ ကစားခွင့်တွေ ပေးခဲ့ပါတယ်။ ဂျေမီက ကတိကဝတ်တွေ၊ စွမ်းဆောင်ရည်တွေနဲ့ ဂိုးတွေနဲ့ ကျွန်တော်တို့ရဲ့ယုံကြည်မှုကို ပြန်လည်ပေးဆပ်ခဲ့ပါတယ်။ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ အင်္ဂလန်ကို ပြန်လည်ပြောင်းရွှေ့တာဟာ ကျွန်တော်တို့အတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဂျေမီအတွက် အားကစားဘဝမှာ အကောင်းဆုံးတွေပဲ ဖြစ်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ စနေနေ့ မနက်ပိုင်းမှာ ပါးမီးရက်စ်နဲ့ ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဖြစ် ဆက်လက်ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။