
ဘရိုက်တန်ကြယ်ပွင့် ပီဒရိုကို ပေါင်သန်း ၅၀ နဲ့ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ ချဲလ်ဆီး
ချဲလ်ဆီးဟာ ဘရိုက်တန်တိုက်စစ်ကြယ်ပွင့် ဂျာအိုပီဒရိုကို ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ နဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီး အပြောင်းအရွှေ့ဖြစ်မြောက်တာနဲ့တပြိုင်နက် ကစားသမားကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲလူစာရင်းမှာ ထည့်သွင်းသွားမယ်လို့သိရပါတယ်။
The Athletic သတင်းဌာနက ချဲလ်ဆီးဟာ ပီဒရိုကို ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်နဲ့ အပြိုင်လိုက်ခဲ့တာဖြစ်ပြီး လက်ဦးမှုရယူနိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ ချဲလ်ဆီးနဲ့ ၂၀၃၂ ခုနှစ်အထိ ကာလရှည်စာချုပ်ချုပ်ဆိုသွားတော့မှာဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ချဲလ်ဆီးဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတာကြောင့် အမေရိကန်သို့ရောက်ရှိနေပေမယ့် ဆေးစစ်မှုတွေပြုလုပ်ပြီးတာနဲ့တပြိုင်နက် ပီဒရိုကို အသင်းရဲ့လူစာရင်းထဲ ချက်ချင်းထည့်သွင်းသွားမယ်လို့သိရပါတယ်။ ကလပ်ကမ္ဘာ့ဖလား ရှုံးထွက် ၁၆ သင်းအဆင့်မှာ ဘင်ဖီကာကိုအနိုင်ရခဲ့တဲ့ ချဲလ်ဆီးဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ပါမီးရက်စ်နဲ့ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
နယူးကာဆယ်ဟာ ပီဒရိုကိုသာမက ဘန်လေကြယ်ပွင့် ဂျိမ်းစ်ထရက်ဖို့ဒ်နဲ့ နော်တင်ဟမ်ဖောရက်စ်တောင်ပံကစားသမား အန်သိုနီအီလန်ဂါတို့ကိုလည်း ချိတ်ဆက်ခဲ့သေးပေမယ့် ကမ်းလှမ်းမှုတွေအားလုံး ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။သို့သော်လည်း လာမယ့် ၂၀၂၅-၂၆ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ နယူးကာဆယ်အနေနဲ့ နောက်ထပ်ကစားသမားတွေကို ထပ်မံပစ်မှတ်ထားလာဖို့ရှိနေပါတယ်။
ပီဒရိုအနေနဲ့ ချဲလ်ဆီးနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့စိတ်အားထက်သန်နေတာကြောင့် ပါမီးရက်စ်နဲ့ပွဲအမီ အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ နီကိုးလက်စ်ဂျက်ဆန်နဲ့ လီယမ်ဒီလပ်တို့လိုတိုက်စစ်မှူးတွေပိုင်ဆိုင်ထားတဲ့ အန်ဇိုမာရက်စ်ကာအနေနဲ့ ယခုအခါမှာတော့ နောက်ထပ်အင်အားဖြည့်တင်းမှုအဖြစ် ပီဒရိုကိုပါ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။