The network connection is lost.

Banner Image

ဒုတိယပိုင်းပွဲချိန်မှာ ဘက်တစ်ကို ချဲလ်ဆီး ကျော်တက်သွားခဲ့တယ်လို့ ဆိုလိုက်တဲ့ အစ္စကို

ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့၊ ကွန်ဖရန့်လိဂ်ဗိုလ်လုပွဲရဲ့ပထမပိုင်းပွဲချိန်မှာ အထင်ကြီးလောက်စရာကောင်းအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် အရှိန်အဟုန်လျှော့ချလိုက်ခြင်းအတွက် ရီးရဲလ်ဘက်တစ်တို့ ကြီးကြီးမားမားပေးဆပ်ခဲ့ရတယ်လို့ လာလီဂါကလပ်အသင်းရဲ့ကပ္ပတိန်အစ္စကိုနဲ့ ဝါရင့်နည်းပြကြီးပယ်လီဂရီနီတို့က သုံးသပ်ပြောကြားခဲ့ပါတယ်။

ဘက်တစ်က ပထမပိုင်းပွဲချိန်အတွင်း အင်္ဂလန်ပြိုင်ဘက်ကို အသာစီးရယူကာ တစ်ဂိုးအသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ ချဲလ်ဆီးတို့အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး ၁-၄ ဂိုးဆိုတဲ့ရလဒ်နဲ့အတူ အောင်ပွဲရယူခဲ့ပါတယ်။

အစ္စကိုက “ ပထမပိုင်းပွဲချိန်အတွင်းမှာ ချဲလ်ဆီးအတွက် အခွင့်အရေးအနည်းငယ်လောက်ပဲ ခွင့်ပြုပေးရပြီး ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အပြီး ဒီဦးဆောင်ဂိုးနဲ့အတူ အခွင့်အရေးကောင်းကို ဘယ်လိုရယူရမလဲဆိုတာ ကျွန်တော်တို့မသိခဲ့ပါဘူး။ ဒါကပဲ ကျွန်တော်တို့ကို တစ်ရာသီလုံး ပြစ်ဒဏ်ပေးနေခဲ့တာပါ။ ဥရောပအဆင့်ဖိုင်နယ်တစ်ခုမှာ အမှားတွေကျူးလွန်မိရင် အလွန်အကျူးအပြစ်ပေးခံရပါလိမ့်မယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာ ချဲလ်ဆီးက ကျွန်တော်တို့ကို ကျော်တက်သွားပါတယ်။ ဒါက နာကျင်စရာပါပဲ”လို့ ပြောပါတယ်။

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း အစ္စကိုရဲ့တိကျလှတဲ့ဖန်တီးပေးမှုမှတဆင့် အက်ဇ်ဇယ်ဇူလီက ဘက်တစ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်မှာတော့ ကိုးပယ်လ်မာရဲ့ဦးဆောင်မှုနဲ့အတူ ချဲလ်ဆီးတို့ ပွဲကို ထိန်းချုပ်လာခဲ့ပြီး အန်ဇိုဖာနန်ဒက်ဇ်၊ ဂျက်ဆန်၊ ဆန်ချို၊ ကိုင်စီဒိုတို့ရဲ့သွင်းဂိုးတွေနဲ့အတူ နိုင်ပွဲဖော်ဆောင်ခဲ့ပါတယ်။

အစ္စကိုက “ ကျွန်တော်တို့တွေ ပထမပိုင်းရလဒ်အပေါ် အရမ်းမှီခိုလွန်းခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့တွေ ခံစစ်ကို အလွန်အကျွံပိတ်ဆို့ကစားခဲ့ပါတယ်။ ချဲလ်ဆီးက ခွန်အားတွေ၊ အရည်အသွေးတွေနဲ့ ပြည့်စုံနေတဲ့အသင်းတစ်ခုပါ” လို့ ပြောပါတယ်။ 

ဘက်တစ်နည်းပြပယ်လီဂရီနီကလည်း “ပထမပိုင်းပွဲချိန်အပြီး ကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေကြောင့် အလွန်ကြီးမားတဲ့ရှုံးနိမ့်မှုတစ်ခု ဖြစ်လာပါတယ်။ဘောလုံးမှာ ဘာကိုမှ ခွင့်လွှတ်ပေးနေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်း အသင်းလိုက်ဟန်ချက်ကို မထိန်းထားနိုင်ခဲ့ပါဘူး။ ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဖိုင်နယ်တက်ရောက်လာတဲ့လမ်းကြောင်းက ဒီနှစ်သင်းအကြားကွာဟချက်ကို ထင်ဟပ်စေတယ်လို့ ကျွန်တော် မယူဆပါဘူး။ ချဲလ်ဆီးနဲ့ကစားနေရတယ်ဆိုတာကို မမေ့သင့်ပါဘူး။ ပထမပိုင်းပွဲချိန်အတွင်းမှာ သူတို့ကို အသာစီးနဲ့ကစားနိုင်ပေမယ့် ဒုတိယပိုင်းပွဲချိန်အတွင်း ခြေချော်သွားမှုကို စိတ်ပျက်မိပါတယ်”လို့ ပြောပါတယ်။