အရေးပါတဲ့ကစားသမား ၄ ဦးလောက်ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းဟာ နည်းပြ မာရက်စ်ကာကို ထောက်ခံတဲ့အနေနဲ့ အရေးပါတဲ့ကစားသမား ၄ ဦးလောက်အထိ ခေါ်ယူပေးဖို့ ပြင်ဆင်နေပေမယ့် ကစားသမားအများအပြားကို အရင်ရောင်းချရဖွယ်ရှိနေပါတယ်။
ချဲလ်ဆီး အနေနဲ့ ပေါင်သန်း ၉၀ လောက်အရှုံးပြနေတာကြောင့် ငွေကြေးလည်ပတ်နိုင်ဖို့ ဇွန်လ ၃၀ ရက်မတိုင်ခင် ကစားသမားအချို့ ရောင်းချရဖွယ်ရှိနေပါတယ်။ မာရက်စ်ကာဟာ ပိုချက်တီနိုနေရာမှာ အစားဝင်လာခဲ့တာဖြစ်ပြီး ကစားသမား အင်အားအတွက်လည်း ပြင်ဆင်နေပါတယ်။
အီတလီသားဟာ ဂိုးသမား ၊ နောက်တန်း၊ ဘယ်နောက်ခံလူနဲ့ တိုက်စစ်ပိုင်းနေရာတွေအတွက် ပြင်ဆင်ဖို့ စီစဉ်နေပါတယ်။ အိုဆီမင်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားကာ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၁၁၃ သန်းရှိနေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။
နိုင်ဂျီးရီးယားသားဟာ ဒီရာသီ ၁၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ ၂၀၂၂ - ၂၃ ရာသီတုန်းက ၃၁ နဲ့ယှဉ်ရင်နည်းပါးနေတာဖြစ်ပါတယ်။ ဂိုးသမားနေရာအတွက်တော့ ဘန်လေဂိုးသမား ထရက်ဖ်ဖို့ဒ်ကို ပစ်မှတ်ထားနေပါတယ်။ အဆိုပါဂိုးသမားအတွက် ချဲလ်ဆီးအနေနဲ့ ပေါင်သန်း ၂၀ လောက်အသုံးပြုရဖွယ်ရှိနေပါတယ်။
တတိယနေရာအတွက် တိုဆင်အဒါဘိုင်ယိုကို ထည့်ထားပြီး စာချုပ်ကမ်းလှမ်းထားပြီးဖြစ်ပါတယ်။ ဖူလ်ဟမ်နောက်ခံလူဟာ လာမယ့်လမှာ အလွတ်နဲ့ ထွက်ခွာမှာဖြစ်ပြီး နယူးကာဆယ်က ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပါတယ်။ ၄ ယောက်မြောက်ကစားသမားနေရာကတော့ ဘယ်နောက်ခံလူဖြစ်ပြီး ချဲလ်ဆီးအသင်းမှာ ဘယ်နောက်ခံလူနေရာအတွက်က များပြားနေတာကြောင့် အရင်ရောင်းချဖို့ လိုအပ်နေပါတယ်။
ချဲလ်ဆီးအသင်း ရောင်းချမယ့် ကစားသမားတွေထဲမှာ ဂယ်လာဟာ ၊ မက်ဆန် ၊ ဘရိုဂျာ ၊ ချာလိုဘတ်တို့ပါဝင်နေပါတယ်။ ဘရိုဂျာအတွက်တော့ ချဲလ်ဆီးအသင်းက ပေါင်သန်း ၅၀ တန်ကြေး သတ်မှတ်ထားပေမယ့် ဖူလ်ဟမ်မှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် တန်ကြေးက ပေါင်သန်း ၃၀ နဲ့ ၄၀ ကြားလောက်သာရဖွယ်ရှိနေပါတယ်။